CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနှင့် ပုံမှန်လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် အခြေအနေထက် လျော့နည်းနေပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများကို ဆက်လက်လျှော့ချသွားမည်ဖြစ်ကြောင်း နစက၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီ ၁၂ ရက်)သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် ပုံမှန် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ပမာဏထက် ၉၇၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်းကြောင့် လျှပ်စစ် ဝန်အား လျှော့ချမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပုံမှန်အခြေအနေထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးနိုင်မှု လျော့နည်းနေ၍ လျှပ်စစ်ဝန်အား လျှော့ချရမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ယနေ့(ဇန်နဝါရီ ၁၂ ရက်) တွင် ထပ်မံ၍ ဝန်အားလျှော့ချမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခင်က ထုတ်ပြန်ခဲ့သည့် ရတနာကမ်းလွန် စီမံကိန်း ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများမှ မဂ္ဂါဝပ် (၅၄၀)ခန့် ပြန်လည် ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း ဇန်နဝါရီလ ၃ ရက်နေ့ တွင် ၄ ကြိမ်မြောက် ဖျက်ဆီးခြင်းခံရသော ၂၃၀ KV ဘီလူးချောင်း-ရွှေမြို့ ဓာတ်အားလိုင်းနှင့် ဒီဇင် ဘာလ ၁၈ ရက်နေ့က ၄ ကြိမ်မြောက် ဖျက်ဆီးခြင်း ခံခဲ့ရသော ၂၃၀ KV ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းတို့ကို လုံခြုံရေးရယူ၍ ပြန်လည်ပြု ပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဇန်နဝါရီလ ၉ ရက်နေ့တွင် ၁၃၂ KV ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းသည် ၂ ကြိမ်မြောက် တာဝါတိုင်များ ထပ်မံ ဖျက်ဆီးခံခဲ့ရပြီး ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ခန့် ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ပုံ-လျှပ်စစ်ဓာတ်အားပြုပြင်နေစဉ်။

အလားတူ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေသဖြင့် LNG ဓာတ်အားပေး စက်ရုံများရဲ့ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်မှာ ရပ်တန့် ထားရခြင်းကြောင့် စုစုပေါင်း ဓာတ်အား ၉၇၀ မဂ္ဂါဝပ်ခန့်မှာ ဆက်လက် လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက် လက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် သုံးစွဲသူများအနေနှင့် အခက်အခဲအချို့ရှိကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ပြောသည်။

ဖြန့်ဝေနေသည့် လျှပ်စစ်မီးမှာ ဓာတ်အားမပြည့်ခြင်း၊ မီးမကြာခဏ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူ အသေးစားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မသီတာ(အမည်လွှဲ) က ပြောသည်။

၎င်းက “မီတာတွ လျှော့ချမယ်ဆိုပြီးတော့ စာတစ်စောင် ထွက်လာတာတော့တွေ့တယ်။ အဲဒီနောက်မှာတော့ ပုံမှန်မီးအား ကျ တာကို တွေ့ရတယ်။ မီးအားမပြည့်ဘူး မီးအားတွေကျတယ်။ နောက်ပြီးတော့ ပုံမှန်မီးပြတ်လေ့ရှိတယ်။ မနက် ၄ နာရီလောက် ဆို ပုံမှန်မီးပြတ်တယ်။ ၇ နာရီ ခွဲလောက်မှ ပြန်လာတယ်။ အဲဒါက အခုနောက်ပိုင်း တွေ့လာရတာပေါ့။ လေးငါးရက် ဆက် တိုက်ဆိုသလို ဖြစ်နေတယ်။ ကျန်တဲ့အချိန် မီးတော့လာတယ် မီးအားမပြည့်ဘူး။ မီးအားအပြည့်သုံးလို့ မရဘူး”ဟု ပြောသည်။

ထို့ပြင် မီးလာသည့် အချိန်နှင့် ပြတ်မည့် အချိန်များကိုလည်း အတိအကျ ထုတ်ပြန်ထားခြင်းမရှိဘဲ တစ်မြို့နယ်နှင့် တစ်မြို့ နယ် မတူညီသည့် အချိန်များဖြင့် မီးပေးနေသည်ဟုလည်း မသီတာ(အမည်လွှဲ)က ဆိုသည်။

လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၉၇၀ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိုမှုအရ အချို့သော နေရာ များတွင် ဓာတ်အားသုံးစွဲမှု များပြားသော နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအတွင်းနှင့် ညအချိန် ၅ နာရီမှ ၇ နာရီအချိန် အတွင်း ဝန်အားလျှော့ချရခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးမှု လျှော့ချမည့် အခြေအနေနှင့်ပတ်သပ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။