၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃

ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့် ဇန်နဝါရီလ ၁၈ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ခြင်းသည် အားလုံးက သပိတ်မှောက်ခြင်းသာဖြစ်သည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး ဉီးစိုင်းလိတ်က ပြောသည်။

အဆိုပါ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် ရက် အကန့်အသတ်မရှိ အစည်းအဝေးအား ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

နစက အနေနှင့် အာဆီယံက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့် အတွက် အာဆီယံနိုင်ငံများက ဖိအားပေးမှုတစ်ခုဖြစ်နိုင်ကြောင်း SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။

ဦးစိုင်းလိတ်က “ဒီလထဲမှာကျင်းပမယ့် နိုင်ငံခြားရေး အစည်းအဝေးကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းတွေမှာ ဖော်ပြထားသလို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက  အရေးပေါ်ကိစ္စရှိလို့၊ ဘယ်နိုင်ငံရဲ့ ဝန်ကြီးက အပြင် ထွက်ဖို့ အဆင်မပြေဘူးဆိုတာ သံတမန်နည်းအရ အဆင်ပြေအောင်ပြောတဲ့ စကားလုံးတွေလို့ ယူဆပါတယ်။ အနှစ်သာရ အားဖြင့် စစ်ကောင်စီ အနေနှင့် အာဆီယံ ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည် ဖော်ခြင်းမရှိဘူး။ အဲ့ဒါနဲ့ ဆန့် ကျင်ဘက်တွေ လုပ်နေတဲ့အတွက် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုတွေ လုံးဝမရှိလို့ အားလုံးက သပိတ်မှောက်တဲ့ သဘောလို့ ကျနော်ယူဆပါတယ်”ဟု CNI သို့ ပြောသည်။

ထို့ပြင် အာဆီယံ အပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း လည်း ၎င်းက ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်ကိုတွေ့ရစဉ်။

ဉီးစိုင်းလိတ်က “ပထမဦးဆုံး ထိခိုက်မှာကတော့ စစ်ကောင်စီပေါ့၊ အရင်တုန်းကလည်း ဦးခင်ညွန့်တို့က ဂျပန်နိုင်ငံရဲ့ အကူ အညီနဲ့ အာဆီယံမှာ နေရာတစ်ခုရခဲ့တယ်။ နောက် ၂၀၁၀ နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြတဲ့အခါမှာ အာဆီယံ ကလည်း မြန်မာပြည်ကို လက်သင့်ခံတဲ့ အနေအထားကို ရောက်ခဲ့တယ်။ အခု အခြေအနေကတော့ အဲဒါနဲ့ ပြောင်းပြန်ဖြစ် သွားပြီ။ ဖြစ်ပေါ်တိုးတက်မှုတွေ မရှိတဲ့အပြင် အပစ်အခတ်ရပ်စဲရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နောက် လူ  သားချင်းစာနာမှုဆိုင်ရာ အကူအညီ မပေးချင်လောက်အောင် စစ်ကောင်စီက ကျူးလွန်နေတာ တွေ့ရတဲ့အတွက်ကြောင့် ပထမဦးဆုံး စစ်ကောင်စီက ထိခိုက်မှာဖြစ်တယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံရမှာမဟုတ်ဘူး။ နိုင်ငံတကာက ပစ် ပယ်လိုက်တာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လျော့နည်းသွားလိမ့်မယ်။ စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှု တွေလည်း လျော့သွားမယ်ဆိုတော့ အထွေထွေအကျပ်အတည်း ဆိုက်ရောက်သွားလိမ့်မယ်”ဟု ပြောသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းရခြင်းမှာ အာဆီယံ နိုင်ငံတချို့နှင့် နောက်ကွယ်မှ အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုများကြောင့်ဖြစ်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်။

ဒေါက်တာနိုင်ဆွေဦးက “တချို့နိုင်ငံတွေက ရခိုင်အရေးအခင်းမှာ ဖိအားပေးတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာတော့ အာဆီယံရဲ့ သဘောထားက သိသာလာတာပေါ့။ ကျနော်တို့နိုင်ငံကို ဖိအားပေးလိုမှုတွေ များ လာတယ်။ အဲဒီမှာလည်း အာဆီယံ သဘောတူညီချက် (၅)ချက်ထွက်လာတယ်။ ဒါကို မလိုက်နာဘူးဆိုပြီးတော့ အချို့နေရာတွေမှာ ဖိအားပေးမှုတွေ ထွက်လာတယ်။ ဒါပေမယ့် လက်ရှိ အစိုးရအနေနဲ့လည်း သဘောတူညီချက် (၅)ချက်ကို နိုင်ငံ အတွက် အကျိုးရှိမယ်ဆိုရင် ပူးပေါင်းဆောင် ရွက်မှု ရှိတယ်ဆိုတာတွေ့တယ်၊ တချို့အချက်တွေမှာတော့ လက်မခံထားတဲ့အချက်တွေတေ့ ရှိတာပေါ့။ ဒါပေမယ့် နိုင်ငံအတွက် အရေးကြီးတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားရမှာပေါ့”ဟု CNI သို့ ပြောသည်။

အဆိုပါ အစည်းအဝေး ရွှေ့ဆိုင်းမှုကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေကိုတော့ စောင့်ကြည့်သွားရမည်ဖြစ်ကောင်း ၎င်းက ပြောသည်။

ဒေါက်တာနိုင်ဆွေဉီးက “ဒီရလဒ် ဘာဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ့်အနေအထားရှိမယ်လို့  ကျနော်က မြင်ပါတယ်။ အာဆီယံအဖွဲ့အစည်းဆိုတာ အုပ်ချုပ်မှုမတူညီ၊ ကိုးကွယ်မှု မတူညီတဲ့ နိုင်ငံတွေရယ်၊ တိုင်းရင်းသားလူမျိုးတွေလည်း များပြီး ကွဲပြားမှုများတဲ့နိုင်ငံတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့အတွက် တစ်နိုင်ငံရဲ့ သဘောထားနဲ့ တစ်နိုင်ငံကိုက်ညီဖို့ဆိုတာတော့ တစ်ချို့အချက်‌တွေမှာကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာနိုင်ငံကို ဖိအားပေးချင်တဲ့ နိုင်ငံတွေကိုလည်း မြင်ရတာပေါ့။ အဖွဲ့အစည်း ကွဲပြဲဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ကွဲသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အဖွဲ့အစည်းရှိလာလည်း ကြာပြီးပေါ့။ ဒါပေမယ့် ကြားထဲမှာတော့ အပြန် အလှန် ကွဲလွဲမှုတွေ ငြင်းခုန်မှုတွေတော့ သဘောမတူမှုတွေ ဆက်ရှိနေမယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့်လည်း ဒီအတိုင်းပဲ ဆက်ထိန်းသွားနိုင်မယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်က ယူထားပြီး ဇန်နဝါရီ ၇ ရက်မှ ၈ ရက်ထိ နှစ်တာ မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်ခဲ့ကာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။