၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်လိမ့်မည် ဟု ယုံကြည်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဖုန်းဟန် က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့ကတော့ ပြည်သူလူထု စိုးရိမ်မှုပေါ့နော်။ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခဒဏ်တွေက ကျနော် တို့လည်း နားလည်ပြီးသားဖြစ်တယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ ပဋိပက္ခက နောက်ဆုံးကြတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေး ရေး နည်းလမ်းနဲ့ပဲ သွားနိုင်မယ်လို့ အခိုင်အမာ ယုံကြည်တယ်။ အဲကြောင့်မို့လို့ ကျနော်တို့ SSPP တစ်ဖွဲ့ထဲအနေနဲ့ပဲ ပုံချပြီး တော့ အပြစ်မမြင်ဖို့ လိုပါတယ်။ ကျနော်တို့လည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်း ကျနော်တို့ ဘယ်အဖွဲ့မဆို အမြဲတမ်း တံခါးဖွင့်ထားတယ်။  တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းဖို့က ကျနော်တို့က တစ်လျှောက်လုံး လုပ်လာခဲ့ တာပေါ့လေ။ ဒါက နောက်ဆုံးအနေနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းသွားနိုင်တဲ့ နည်း လမ်းကို ကျနော်တို့ ရှာဖွေတွေ့ရှိတဲ့နေ့ ရှမ်းပြည်အတွက် ပြည်သူလူထု ရင်အေးတဲ့နေ့ပေါ့လေ၊ ကျနော်တို့ သတင်းစကားပါး လိုပါတယ်ခင်ဗျ”ဟု ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ မိုင်းကိုင်မြို့နယ်များတွင် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် SSPP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

SSPP ဥက္ကဋ္ဌကိုတွေ့ရစဉ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က မိုင်ကိုင်းမြို့နယ်အတွင်းသို့ SSPP တပ်သား  ၃၀၀ ဝန်းကျင် ရောက်ရှိခဲ့ကြောင်း၊ လတ် တလောတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဒေသခံများအနေဖြင့် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေကြောင်း စိုင်းခမ်း (အမည်လွှဲ)က CNI ကိုပြောသည်။

၎င်းက “စိုးရိမ်ချက် ဘယ်လောက်ရှိတယ် ဆိုတာကတော့ မသိဘူး။ ကျနော်မနေ့က အိမ်တောင် မအိပ်ရဲဘူး။ လူတိုင်း၊ လူ တိုင်း တစ်မြို့လုံးက လန့်နေကြတယ်။ ကောလာဟလတွေကလည်း အမျိုးမျိုးပဲ။ ကျီးလန့်စာ စားနေရတယ် တစ်မြို့လုံးပဲ။ အဓိကတော့ သူတို့ကို ကြောက်တာလည်း မဟုတ်ဘူး။ SSPPကို ကြောက်တာလဲ မဟုတ်ဘူး။  RCSS ကို ကြောက်တာလဲ မဟုတ်ဘူး။ ‘ဝ’ ကိုကြောက်တာလဲ မဟုတ်ဘူး။ သူတို့ တိုက်ပွဲဖြစ်ရင် လက်နက်ကြီးတွေကို ကြောက်နေကြတာ လူတွေက” ဟု ပြောသည်။

လက်ရှိ စစ်ရေး အခြေအနေများ အပါအဝင် တွေ့ဆုံဆွေးနွေးရေး ကိစ္စများနှင့် ပတ်သက်၍ သိရှိနိုင်ရန် RCSS မှ ပြောခွင့်ရ ပုဂ္ဂိုလ်များထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

SSPP တပ်ဖွဲ့၀င်များကိုတွေ့ရစဉ်။

RCSS နှင့် SSPP တို့အကြား တိုက်ပွဲမဖြစ်ပွားရေး ၂၀၁၁ ခုနှစ်ကတည်းက အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ရန်တန့်နိုင်ရေး မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့ မျှော်လင့်နိုင်တာကတော့ ပြည်ထောင်စုအစ ရှမ်းပြည်က ဆိုသလိုပေါ့လေ။ ကျနော်တို့က ရှမ်းပြည်စည်းလုံးညီညွတ်မှုက အရေးကြီးတယ်။ ရှမ်းပြည်စည်းလုံးညီညွတ်ပြီးတော့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို တည် ဆောက်နိုင်မှသာလျှင် ကျနော်တို့ ပြည်ထောင်စုကြီးလည်း တစ်စိတ်တစ်ဒေသ အနေနဲ့ ၄၊ ၅၀ လောက်က ဖြေရှင်းပြီးသား ဖြစ်တယ်။ ကျနော်တို့ ပြည်ထောင်စု ပြဿနာကိုလေ။ ကျနော်တို့လိုချင်တဲ့၊ ဖြစ်ချင်တဲ့ဆန္ဒက စည်းလုံးညီညွတ်ဖို့ပဲ။ စည်းလုံး ညီညွတ်ပြီးတော့ အတူတကွ ယှဉ်တွဲနေထိုင်ရေးက ဘယ်လိုရနိုင်မလဲဆိုတာ Harmony (သဟဇာတ)ပေါ့လေ။ ကျနော်တို့ လမ်းကြောင်းရှာပြီးတော့ နိုင်ငံရေးဖြေရှင်းမှုက နိုင်ငံရေးရလဒ်က ပိုပြီးတော့ အရေးကြီးတယ်လို့ ကျနော်တို့က မြင်တာပေ့ါ လေ။ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှုရှိမှ ဒီရှမ်းပြည်ကစပြီးတော့မှ ကျနော်တို့ ပြည်ထောင်စုကို ပိုပြီး ဦးတည်သွားနိုင်မယ်ဆို တဲ့ဟာ ကျနော်တို့ စီမံချက်ရှိပါတယ်။ ယုံကြည်ချက်လည်း ဒီအတိုင်းပဲ ယုံကြည်ကြပါတယ်”ဟု ပြောသည်။

RCSS နှင့် SSPP-TNLA ပူးပေါင်း တပ်ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ နယ်မြေ ပိုင်နက် အငြင်းပွားကာ တိုက်ပွဲများ ယနေ့ထိ မကြာခဏဖြစ်ပွားနေသည်။