CNI International News

နယူးဒေလီ၊ ဇန်နဝါရီ ၁၃

ပါကစ္စတန်၏ အမျိုးသားလုံခြုံရေး မူဝါဒသစ်အရ အိန္ဒိယနှင့်ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းနေပြီး လာမည့်နှစ် ၁၀၀ အတွင်း ရန်ငြိုးရန်စ မရှိစေရေးအပြင် ကက်ရှ်မီးယားပြဿနာအပေါ် နောက်ဆုံး ဆုံးဖြတ်ချက်အထိ မစောင့်ဆိုင်းဘဲ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးများ ပုံမှန်ပြန်ဖြစ်အောင် အကန့်အသတ်မရှိသည့် နှစ်နိုင်ငံကြား ဆွေးနွေးပွဲများ တိုးတက်လာဖို့ လိုလားနေကြောင်း အိန္ဒိယထုတ် Time of India သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပြည်တွင်းနှင့်နိုင်ငံခြားရေးကိစ္စရပ်ကို ဦးစားပေးလုပ်ဆောင်မည့် ၎င်း၏ ပထမဆုံးရေးဆွဲထားသော မူဝါဒကို ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခမ်းက ဇန်နဝါရီ ၁၄ ရက်(ယနေ့)တွင် ထုတ်ပြန်မည် ဖြစ်သည်။

ပါကစ္စတန်သည် ၂၀၁၉ ခုနှစ်တွင် ဂျမူးနှင့် ကက်ရှ်မီးယား၏ အထူးအဆင့်အတန်းကို ရုပ်သိမ်းပြီးနောက် အိန္ဒိယနှင့်ဆက်ဆံ ရေး အဆင့်လျှော့ချခဲ့သည့်အပြင် နှစ်နိုင်ငံကုန်သွယ်ရေးကိုလည်း ရပ်တန့်ခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယားတို့ကို ပြန်လည်ပေါင်းစည်းရန် ဆုံးဖြတ်ချက်ကို အိန္ဒိယက ထပ်မံမစဉ်းစားပါက ဆက်ဆံရေး ပုံမှန် ပြန်မဖြစ်နိုင်ကြောင်း ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၌ ပါကစ္စတန်ဘက်မှ ပြောကြားခဲ့ပြီး အိန္ဒိယသွင်းကုန်များ နောက်ထပ် ဖွင့်လှစ်လက်ခံရန် ကတိပြုခဲ့သော အစ္စလာမ္မာဘတ်က အဆိုပါ အရေးကိစ္စကို ထပ်မံငြင်းဆိုခဲ့သည်။

အိန္ဒိယတပ်ဖွဲ့ကိုတွေ့ရစဉ်။(GETTY IMAGES)

ယခု အမျိုးသားလုံခြုံရေး မူဝါဒသစ်သည် ပါကစ္စတန် စစ်တပ်အကြီးအကဲ ကာမာဂျာဘတ်ဘာဂျဝါ တောင်းဆိုခဲ့ဖူးသည့် “အတိတ်ကို မြှုပ်နှံရန်နှင့် နိုင်ငံခြားရေးမူဝါဒတွင် ပထဝီဝင် စီးပွားရေးဘက် ပိုမိုအာရုံစူးစိုက်ရန်”တို့အပေါ် ယခင် တောင်းဆို ချက်အတိုင်း ဖြစ်ပုံရကြောင်း Time of India က သတင်းဆက်လက် ဖော်ပြသည်။

ပါကစ္စတန်သည် ကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ အိန္ဒိယထံမှ ၎င်း၏ ကိုယ်ပိုင် တောင်းဆိုချက်များကို ပြန်လည်သုံးသပ် ရန် အဆင်သင့်ဖြစ်နေပြီး လူဦးရေစာရင်း ပြောင်းလဲမှုနှင့် နိုင်ငံပိုက်နက် အပြည့်အဝမချဲ့ထွင်ရေး ကတိပြုထားသော်လည်း ၎င်းနိုင်ငံ၏ လက်ရှိရပ်တည်ချက်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နှစ်နိုင်ငံကြား ခိုင်မာသော ထိတွေ့ဆက်ဆံမှုများအတွက် ပါကစ္စတန်သည် အိန္ဒိယဘက်သို့ အထက်ပါ အခြေအနေများအပေါ် ဖြည့်ဆည်းပေးနေဆဲဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များထံမှ Time of India က သိရှိရသည်။

အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်ပေါက်ကိုတွေ့ရစဉ်။(Reuters)

အိန္ဒိယအစိုးရက အကြိမ်ကြိမ်ပြောဖူးခဲ့သည့်အတိုင်း ပါကစ္စတန်အနေဖြင့် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို ရှေးဦးစွာ ရပ်တန့်ပေးဖို့ အရေးကြီးသည်။

စင်စစ်အားဖြင့် နယူးဒေလီရှိ မိုဒီဦးဆောင်သော အစိုးရလက်ထက်တွင် အိန္ဒိယနှင့် ပြန်လည်ပေါင်းစည်းရေး အလားအလာ မရှိကြောင်း အမည်မဖော်လိုသူ ပါကစ္စတန်အစိုးရ အရာရှိတစ်ဦးကို ကိုးကားလျက် ပါကစ္စတန်မီဒီယာတစ်ခုက သတင်း ဖော်ပြခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယားကို ပြန်လည်ပေါင်းစည်းရေးအတွက် MFN ဟု အတိုကောက်ခေါ်သည့် နိုင်ငံတကာ ကုန်သွယ်မှု မိတ်ဘက်တစ်ဦးအပေါ် အနှစ်သက်ဆုံး နိုင်ငံအဆင့်အတန်း (Most Favoured Nation status) ကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အိန္ဒိယသို့ ပေးအပ်ရန် ပါကစ္စတန်ဘက်မှ အချိန်အတန်ကြာ စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် ရှောင်လွှဲသွားခဲ့သည်။

ပါကစ္စတန်၏ မူဝါဒသစ်၌ ရေရှည် ထင်သာမြင်သာရေး ရှေးရှုထားပြီး စီးပွားရေးဆိုင်ရာ သံတမန်ဆက်ဆံရေးအပေါ် အာရုံ စိုက်ရန် တောင်းဆိုမှုများ ထည့်သွင်းထားသော်လည်း မည်သည့်နိုင်ငံနှင့်မဆို ဆက်ဆံရေးအတွက် ခိုင်မာသော အစီအမံများ လိုလားသည်ကို မတွေ့ရကြောင်း Time of India က သုံးသပ်ရေးသားထားသည်။

Source: Time of India