CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁

လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ RCSS အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းကို အဓိက စွဲကိုင်ထားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)က ယနေ့ (ဇူလိုင် ၃၁ ရက်) ထုတ်ပြန်ခဲ့သည်။

RCSS သည် (၆)လပတ် အစည်းအဝေးကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါ အတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ဌာန အသီးသီးက တင်ပြသည့် ၆ လတာ လုပ်ငန်းအစီရင်ခံစာများအပေါ် သုံးသပ် ဆွေးနွေး ခြင်း၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်းပြင်ပ အခြေအနေများကို ကျယ်ကျယ် ပြန့်ပြန့် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်ဟု ဖော်ပြထားသည်။

RCSS “ လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ RCSS အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းကို အဓိက စွဲကိုင်ထားပြီး ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်း ဆောင်ရွက် သွားမည်”ဟု ပြောသည်။

RCSS ၏ ၆ လပတ် အစည်းအဝေး ကျင်းပနေစဉ်

ထို့နောက် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ တရားဥပဒေစိုးမိုးရေး အားနည်းခြင်းတို့ကြောင့် ကျေးလက်ဒေသနှင့် မြို့ရွာများတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ များပြားလာခြင်းအား မိမိတို့ တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့က စုပေါင်း တာဝန် ယူ၍ မိမိတို့ ရပ်ရွာနှင့် မြို့များအား ကာကွယ်စောင့်ရှောက်သွားကြပါရန် တိုက်တွန်းသည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။

အလားတူ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် RCSS သည် အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု RCSS ၏ ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မေလ ၂၀ ရက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

တခြား တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် လက်တွဲမှု တချို့ရှိပြီး စစ်အာဏာရှင် တော်လှန်ရေး ကြိုး ပမ်းလျက်ရှိကြောင်း သိရသည်။