၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

လူမျိုးစုပဋိပက္ခများ မဖြစ်ပေါ်စေရန်အတွက် ရှမ်းလူမျိုးစုနှင့် တအာင်းလူမျိုးစုအကြား ယခင်လို ချစ်ချစ်ခင်ခင် နေထိုင်ခြင်း မျိုး၊ ညီအစ်ကို မောင်နှမစိတ် ပြန်ပြီးမွေးမြူစေချင်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် မြို့မဈေးအတွင်း ငွေလာရောက်ကောက်ခံသည့် တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA)မှ တပ်သားနှစ်ဦး ဇန်နဝါရီ ၄ ရက်က  ပစ်သတ်ခံခဲ့ရပြီးနောက် လူမှုကွန်ယက် စာမျက်နှာများတွင် လူမျိုးစုနှစ်ခုကို ပဋိပက္ခများဖြစ်ပွားရန် ရေးသားဖြန့်ဝေမှုများ ရှိနေခြင်းကို သတိပြုရန် ၎င်းက ပြောသည်။

လွေးချီဆငါးက “ကျမပြောချင်တာက ကျမတို့ ရှမ်းလူငယ်၊ ရှမ်းလူထုတွေပဲ ဖြစ်ဖြစ်၊ ကျမတို့ တအာင်းလူငယ်၊ တအာင်းလူထု တွေပဲဖြစ်ဖြစ်၊ ကျမတို့ အရင်တုန်းကလိုမျိုး ချစ်ချစ်ခင်ခင် နေထိုင်တာမျိုးတော့ ဘယ်လိုပြောမလဲ ကျမတို့အတူအကွ ညီ အစ်ကို မောင်နှမ စိတ်ဓာတ်ပေါ့နော်၊ အဲတာကို ပြန်ပြီးတော့ မွေးမြူစေချင်တယ်။ ကျမတို့ တစ်ခုခုမှားယွင်းမှုတွေ၊ လွဲချော်မှု တွေ ရှိခဲ့မယ်ဆိုရင်တောင်မှ အပြန်အလှန် ညှိနှိုင်းတာမျိုး၊ တွေ့ဆုံစကား ပြောတာမျိုးတို့ ဒီလိုမျိုး ဖြစ်စေချင်တာပေါ့” ဟု CNI သို့ ပြောသည်။

မြို့မဈေးတွင် TNLA တပ်သားနှစ်ဦး ပစ်သတ်ခံရသည့်အတွက် TNLA တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့်  နမ့်ခမ်းမြို့ တွင်း ဝင်ရောက်ခဲ့ပြီးနောက် တပ်မတော်နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားကာ အရပ်သားများ ထိခိုက်မှု ရှိခဲ့သည်။

ပုံ-ရှမ်းအမျိုးသမီးများကိုတွေ့ရစဉ်။

လက်ရှိ နမ့်ခမ်းမြို့တွင် လုံခြုံရေး စိုးရိမ်ရခြင်းကြောင့် ဈေးသူ/ ဈေးသားအချို့ ဈေးပိတ်သိမ်းကာ ပစ္စည်းများ နေအိမ်သို့ ပြန်သယ်ယူနေမှုများလည်း ရှိနေကြောင်း နမ့်ခမ်းဒေသခံတစ်ဦးဖြစ်သူ စိုင်းဆိုင် (အမည်လွှဲ)က  ပြောသည်။

 

၎င်းက “ဆိုင်ခန်းတော့ မဖွင့်ရဲကြဘူးဗျ။ တချို့က ဆိုင်ခန်းတွေ ပိတ်ထားတယ်။ သူတို့ဆိုင်ခန်းမှာရှိတဲ့ ပစ္စည်းတွေက အိမ်မှာပဲ ပြန်ပြီးသယ်ပြီးတော့ အိမ်မှာပဲ ထားကြတာပေါ့ဗျာ။ ဆိုင်ခန်းတော့ မဖွင့်ရဲကြဘူး။ သူတို့ တစ်ခုခုဖြစ်မှာ စိုးလို့ပေါ့” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဒေသခံများသည် တိုက်ပွဲလာမည်ကို စိုးရိမ်နေ ကြောင်း၊ လူမှုကွန်ယက် စာမျက်နှာတွင် လူမျိုးစုနှစ်ခုကြား ပဋိပက္ခအသွင် ဆောင်လာစေရန် ရေးသားဖြန့်ဝေမှုကို သတိထား ရန်လိုအပ်ကြောင်း နမ့်ခမ်းဒေသခံတစ်ဦးဖြစ်သူ စိုင်းဆိုင်(အမည်လွှဲ)က   ပြောသည်။

ပုံ-တအာင်းအမျိုးသမီးများကိုတွေ့ရစဉ်။

လွေးချီဆငါးက “အကောင်းဆုံးကတော့ လူငယ်တွေ တစ်ခါတစ်လေ ပဋိပက္ခဆန်တယ်လို့ ပြောတဲ့ဟာက အွန်လိုင်းပေါ်မှာ ကျမတို့လည်း တွေ့နေရတာပေါ့နော်။ တအာင်းဘက်ကလည်း တကယ်ပဲ တအာင်းလူငယ်ဟုတ်လား၊ မဟုတ်လားမသိ၊ ရှမ်း တွေလည်း အဲလိုပဲ လူငယ်ဟုတ်လား မဟုတ်လား မသိဘူး။ အကောင့်ပေါင်းစုံ သုံးလို့ရတဲ့ အခါကြတော့ လိုင်းပေါ်မှာတော့ အပြန်အလှန်စွပ်စွဲတယ်။ ဆဲတယ်။ အဲလိုတွေ့နေရတယ်။ ဒါပေမယ့် အပြင်မှာတော့ ကျမတို့ တွေ့ရသလောက် ရှမ်းနဲ့ တအာင်းကြားမှာ အဲလောက်ထိ မဖြစ်ဘူး။ အရင်လိုပဲ ကျမတို့ ချစ်ချစ်ခင်ခင် နေထိုင်ကြတယ်။ ရှေ့ဆက်ပြီးမှလည်း ကျမတို့ ကြားက ချစ်ခင်မှုတွေကို အဲလိုမျိုး မဖြစ်ရလေအောင်ဆိုပြီးမှ သက်ဆိုင်ရာ တအာင်းဆိုလည်း တအာင်းဘက်က အရပ်ဖက် အဖွဲ့အစည်းရှိတယ်။ ရှမ်းဆိုလည်း ရှမ်းအရပ်ဖက် အဖွဲ့အစည်းတွေ ရှိတယ်။ ပညာပေးမှုတွေ၊ တွေ့ဆုံညှိနှိုင်းမှုတွေ၊ အစည်း အဝေးတွေ ပုံစံမျိုး လုပ်ပေးနိုင်ရင် ပိုပြီးကောင်းမယ်လို့ မြင်တယ်” ဟု CNI သို့ ပြောသည်။

ရှမ်းနှင့် တအာင်း လူမျိုးစုကြား ပဋိပက္ခဖြစ်ပွားရန် အဖွဲ့အစည်းအချို့က လုပ်ဆောင်ခြင်းမျိုး ဖြစ်နိုင်ကြောင်း၊ ထိုအဖွဲ့အစည်း နှစ်ခုကြားမှာ အစွန်းရောက်သည့် အဖွဲ့များမှ ဖန်တီးမှုများလည်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ်တွင် တအာင်း၊ ရှမ်း၊ ကချင်၊ တရုတ်၊ ဗမာ၊ ဝ၊ ကိုးကန့်၊ အာခါ၊ ဓနု၊ ပအိုဝ်း၊ လားဟူ အပါအဝင် တခြားသော တိုင်းရင်းသားလူမျိုးစုများလည်း နေထိုင်ကြသလို လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း  လူမျိုးစုအလိုက် တည်ရှိနေ ကြောင်း သိရသည်။