ဝါရှင်တန်၊ ဇန်နဝါရီ ၈

လာမည့်သီတင်းပတ်၌ အမေရိကန်နှင့်ရုရှား သံတမန်များ အရေးပါသော ဆွေးနွေးပွဲများ မစတင်မီ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်က “ဥရောပတွင် ရန်လိုသော လုပ်ရပ်များ အထူးသဖြင့် ယူကရိန်းနယ်စပ်တွင် စစ်ရေးတင်းမာမှု ဆက်လက် လုပ်ဆောင်ပါက ကြီးမားသော အကျိုးဆက်ရှိမည်”ဟု မော်စကိုအပေါ် သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

ဝါရှင်တန်သည် မော်စကိုနှင့် ကိစ္စရပ် အတော်များများအတွက် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားနေသော်လည်း တိုးတက်မှုအနေဖြင့် အပြန်အလှန် အပေးအယူ ရှိရမည်ဟု ဘလင်ကင်က အမေရိကန်နိုင်ငံခြားဌာနနှင့် သတင်းထောက်များ ဇန်နဝါရီ ၇ ရက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ရုရှားရဲ့ ရန်လိုမှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ရုရှားက သံတမန် နည်းလမ်း ကို ရွေးချယ်ရင်တော့ ဖြေရှင်းချက်က ဖြစ်နိုင်ပါသေးတယ်။ ပိုပြီး ကောင်းပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း တင်းမာမှုများအပေါ် အာရုံစိုက်နေကြသည့် အမေရိကန်နှင့် ရုရှားတို့သည် လာမည့်သီတင်းပတ် ဇန်နဝါရီ ၁၀ ရက် တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ဆွေးနွေးပွဲများ စတင်တော့မည်ဖြစ်သည်။ အဆိုပါ နှစ်ဘက်သံတမန်များကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနှင့် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျေရက်ကော့ဗ်တို့က အသီးသီး ဦးဆောင်ကြမည်ဖြစ်သည်။

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး)နှင့် ရုရှားတို့သည် လာမည့် သီတင်းပတ်နှောင်းပိုင်းတွင် ဘရပ်ဆဲလ်မြို့တွင် နှစ်ဘက်ညှိနှိုင်းရေး စတင်ကြရန် စီစဉ်ထားသည်။

ပုံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးနေစဉ်။(AP)

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက သမ္မတဂျိုးဘိုင်ဒန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်သို့ တယ်လီဖုန်းခေါ်ဆိုခဲ့သည်။ ၎င်း တို့ ဆွေးနွေးမှုများကို ထုတ်ပြန်သည့် ကြေညာချက်တွင် အိမ်ဖြူတော်က “တင်းမာမှုများ အရှိန်လျှော့ရန် ဘိုင်ဒန်က ပူတင်ကို တိုက်တွန်းခဲ့ကြောင်း၊ ရုရှားက ယူကရိန်းကို ထပ်မံကျူးကျော်လာပါက အမေရိကန်နှင့်မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ က ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

ဝါရှင်တန်နှင့် ၎င်း၏ မဟာမိတ်များသည် မော်စကိုအပေါ် ယခင်က မချမှတ်ဖူးသေးသည့် စီးပွားရေးဆိုင်ရာ အစီအမံများ ချမှတ်ရန် အသင့်ရှိကြောင်း ဇန်နဝါရီ ၇ ရက်တွင် ဘလင်ကင်က ထပ်လောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ ရည်မှန်းချက်က ရုရှားနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးရှိဖို့ ဖြစ်ပါတယ်။ အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ သဘောထားကွဲလွဲမှုတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြခဲ့ သည်။

ပူတင်နှင့်ဘိုင်ဒန်တို့ တယ်လီဖုန်း ပြောကြပြီးနောက် “ရုရှားအပေါ် ကြီးမားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာလျှင် အမှားကြီး မှားလိမ့်မည်ဖြစ်ကြောင်း” ရုရှားက အမေရိကန်ကို တုံ့ပြန်သတိပေးခဲ့ပြီး ဖြစ်သည်။

Source: Aljazeera