နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၈

ကာဇက်စတန် နိုင်ငံအနှံ့ လူထုအုံကြွမှုများနှင့်အတူ အကြမ်းဖက်မှုများဖြစ်ပွားလာခြင်းကို ရပ်တန့်နိုင်ရန်အတွက် ရုရှား၏ ကျောထောက်နောက်ခံပေးမှု ရယူလိုက်ပြီးနောက် ကာဇက်စတန်သမ္မတက လုံခြုံရေးတပ်များအား အသေပတ်ခတ်နှိမ်နင်း ရန် အမိန့်ပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ဆန္ဒပြပွဲများကို နှိမ်နင်းရန်အတွက် မော်စကိုမှ တပ်ဖွဲ့ဝင်များ ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိလာပြီးနောက် တစ်ရက်အကြာ ဇန်နဝါရီ ၇ ရက်၌ ရဲတပ်ဖွဲ့က အပျက်အစီးပြန့်ကြဲနေဆဲ အယ်လ်မာတီလမ်းမများပေါ် ကင်းလှည့်နေပြီး သေနတ်သံအချို့ကို ရံဖန်ရံခါ ကြားနေရသည်။

ယခင်က ဆိုဗီယက်အုပ်စုဝင်ဟောင်းအဖြစ်မှ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး ရင်ဆိုင်ခဲ့ရသော အကြမ်းဖက်မှုများအတွင်း ကာဇက်စတန်တဝန်း အများပြည်သူဝန်ဆောင်မှုဆိုင်ရာ အဆောက်အဦများ လုယက်ဖျက်ဆီးခံ ရကာ လူပေါင်းဆယ်ဂဏန်းမျှ သေဆုံးခဲ့ရသည်။

ကာဇတ်စတန်သမ္မတ ကာဆင်ရှာမတ်တိုကာယာ့ဗ်က အဆိုပါ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် နိုင်ငံခြားမှ လေ့ကျင့် သင်ကြားလာသည့် အကြမ်းဖက်သမားများကို စွပ်စွဲအပြစ်တင်ခဲ့သည်။ သို့သော် ၎င်း၏စွပ်စွဲ အပြစ်တင်မှုတွင် အထောက် အထား ခိုင်ခိုင်လုံလုံ မပါဝင်ပေ။

“စစ်သွေးကြွတွေက လက်နက်မချကြဘူး။ ရာဇဝတ်မှုတွေ ဆက်လုပ်နေတယ်။ ဒါပေမယ့် သူတို့အတွက် ကျနော်တို့ ပြင်ဆင်နေတာတွေရှိပါတယ်၊ လက်မလျှော့သူတွေ ထိမှာပဲ။ သတိပေးချက်မပါဘဲ ပစ်သတ်ဖို့ ဥပဒေစိုးမိုးရေး အဖွဲ့ အစည်းတွေနဲ့ စစ်တပ်ကို ကျနော် အမိန့် ပေးထားပြီးပါပြီ” ဟု အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် သမ္မတတိုကာယာ့ဗ်က ရုပ်သံမိန့်ခွန်း ထုတ်လွှင့်ချက်တွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

ပုံ-ကာဇက်စတန်သမ္မတ တိုကာယာ့ဗ်ကိုတွေ့ရစဉ်။(AFP)

လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို အကြောင်းပြု၍ ဆန္ဒပြပွဲများ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရနှင့် သမ္မတ ဟောင်း နျူ-ဆူလ်တန်နာဇာဘာယဲ့ဗ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုအသွင်သို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် တိုကာယာ့ဗ်ထံသို့ သမ္မတရာထူး မလွှဲပေးမီအထိ နာဇာဘာယဲ့ဗ်သည် ဆိုဗီယက်နိုင်ငံဟောင်း ကာဇက်စတန် ကို သက်တမ်း အရှည်ကြာဆုံး အုပ်ချုပ်သူဖြစ်ခဲ့ပြီး အသက်က ၈၁ နှစ် ရှိနေပြီဟု သိရသည်။

နျူ-ဆူလ်တန်နာဇာဘာယဲ့ဗ်သည် ၎င်းမိသားစု၏အမည် တိုင်းပြည်အပေါ် လွှမ်းမိုးစေလိုသည့် ရည်ရွယ်ချက်ဖြင့် မြို့တော်ကို လည်း နျူ-ဆူလ်တန်ဟု ခေါ်ဝေါ်စေခဲ့ကြောင်း ယုံကြည်ကြသည်။

တိုကာယာ့ဗ်၏ ရုပ်သံမိန့်ခွန်းသည် “အလွန်ကြမ်းတမ်းရင့်သီးပြီး တိုက်ခိုက်ရေးဘက် လှုံ့ဆော်တိုက်တွန်းနေကြောင်း” ဂျော်ဂျီယာနိုင်ငံမှ သတင်းပေးပို့သည့် အယ်လ်ဂျာဇီးယားသတင်းထောက် ရိုဘင်ဖော်ရက်စ်တီယာဝေါ့ကာက ပြောသည်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြတောင်းဆိုတဲ့ သူတွေကို စာနာမယ်ဆိုရင် တိုင်းပြည်ပြုပြင် ပြောင်းလဲအရေး အရ ကာဇတ်စတန်ရဲ့ ရေနံသယံဇာတ ကြွယ်ဝမှုကနေ သူတို့အစိုးရရော သာမန်ပြည်သူတွေပါ အကျိုးကျေးဇူး ခံစားရမှာပါ” ဟု ဖော်ရက်စ်တီယာဝေါ့ကာက သုံးသပ်ပြခဲ့သည်။

 

Source: Aljazeera