CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ တပ်မတော်၏ စစ်လက်နက်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် ကာကွယ်ရေး စက်ရုံ(မြိုင်)ကို ပခုက္ကူနှင့် မြိုင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း၍ ဇန်နဝါရီ ၇ ရက်က တိုက်ခိုက်ခဲ့သည်ဟု ယနေ့ (ဇန်နဝါရီ ၈ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
ကာကွယ်ရေးစက်ရုံ(မြိုင်) ဒေသအခေါ် လှည်းပွဲစက်ရုံအား ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PPDF)နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရှော့ဒုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထိုထုတ်ပြန် ချက်မှာ ဖော်ပြထား သည်။
ထိုကဲ့သို့ ပစ်ခတ်ပြီး မိမိတို့ ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးမှု အခြေအနေအား အသေးစိတ်စုံစမ်းဆဲဖြစ်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်တို့မှာ တပ်မတော်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေ သည်။