CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ ပါဝင်မှုကို ကြိုဆိုခဲ့သည်ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယနေ့ (ဇန်နဝါရီ ၇ ရက်) ပူးတွဲ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်ဟွန်ဆန်အား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံ တိုးမြှင့် သွားရန်လည်း အသိပေးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် သက်ဆိုင်သူများအားလုံးအနေဖြင့် နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ်ရပ်စဲမှုကို လက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဆုံးသတ်ရန်နှင့် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်ဟုလည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပုံ-၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၇ ရက်က ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာပြည်ရောက်ရှိစဉ်

ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိရန် သက်ဆိုင်သူများ အကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် တင်းမာမှုများ လျှော့ချရေးတို့ကို ရည်ရွယ်သည့် ယင်း တောင်းဆိုခဲ့မှုအပေါ် ခိုင်မာစွာ ထောက်ခံခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ ပါဝင်မှုကို ကြိုဆိုခဲ့သည်။ အဆိုပါ အရေးကြီးသည့် လုပ်ဆောင် ချက်သည် အာဆီယံ၏တူညီဆန္ဒ(၅)ချက်တွင် ထည့်သွင်းဖော်ပြထားသော အချက်ဖြစ်သည်”ဟု ပြောသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆော့ခွန်းအား အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်း အနေ ဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝ ပံ့ပိုး သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။

ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ ရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်ဦးနှစ်ဖက် အကျိုးရှိသောမူဝါဒကို ရှင်းလင်းမျှဝေခဲ့သည်ဟု အဆိုပါ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပုံ-၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၇ ရက်က ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာပြည်ရောက်ရှိစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင် စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ် မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန်ပအဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့က ဆွေးနွေးညှိနှိုင်း နေဆဲ အဖွဲ့အစည်းများ ဖြစ်ကြသည်။

သို့သော် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့က တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာရယူထားခြင်း ကြောင့် နိုင်ငံရေးဆွေးနွေးမှုများကို ယာယီ ၁ နှစ် ရပ်ဆိုင်းကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကြေညာခဲ့ရာ ယနေ့အချိန်ထိ တရားဝင် ဆွေးနွေးပွဲများ မစတင်နိုင်သေးပေ။

အလားတူ NCA ထိုးနိုင်ရေး ညှိနှိုင်းနေသည့် အဖွဲ့များထဲမှ KIA၊ TNLA၊ MNDAA၊ KNPP တို့နှင့်တပ်မတော်ကြား တိုက်ပွဲ များ ဖြစ်ပွားနေသလို NCA ထိုးထားသည့် ၁၀ ဖွဲ့ထဲမှ KNU၊ CNF တို့နှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေသည်။