၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

အာဆီယံဥက္ကဋ္ဌဖြစ်လာသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် နိုင်ငံရေးအရ အပေါင်းလက္ခဏာ ကို မျှော်မှန်း၍ရကြောင်း သေနင်္ဂမဟာဗျူဟာမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

ဝန်ကြီးချုပ်ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ၍ လက်ရှိ နိုင်ငံရေး အကျပ်အတည်းအပေါ် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဦးသိန်းထွန်းဦးက “ဒီမလာခင်ကတည်းက ဒါနဲ့ပတ်သက်ပြီး တော်တော်များများပြောခဲ့တဲ့ Speech ရှိတယ်ပေါ့နော်။ အဲတာကို ပြန်သုံးသပ်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပိုပြီးတော့ ရင်းနှီးတဲ့ ဆက်ဆံရေးထူထောင်ဖို့ သူအများကြီး မျှော်လင့်ထားတယ်။ နောက် တစ်ချက်က အာဆီယံမှာ ၉ နိုင်ငံတည်း အစည်းအဝေး လုပ်နေမယ့်အစား မြန်မာနိုင်ငံကို တက်ခွင့်ရအောင် ကြိုးစာမယ်ဆိုတဲ့ အပိုင်းပေါ့နော်။ အဲတာကတော့ သူလာပြီးသွားတဲ့ အချိန်ကြရင် ဒီဖက်က နစကနဲ့ ဆွေးနွေးပြီးရင် ဘယ်လိုဖြစ်မယ်ဆိုတာ မှန်းဆလို့ ရမယ်ပေါ့‌နော်။ သေချာတာက‌‌တော့ နိုင်ငံရေးအရ အပေါင်းလက္ခဏာ မျှော်မှန်းလို့ရတဲ့ ခရီးစဉ်တစ်ခုလို့ သတ်မှတ် လို့ ရနိုင်ပါတယ်”ဟု CNI သို့ ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် လာရောက်ပြီးနောက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအစည်းအဝေးများ တွင် အခြေအနေပြောင်းလဲမှုများ မျှော်လင့်စရာရှိသော်လည်း ကမ္ဘာ့အင်အားကြီး နိုင်ငံများက အာဆီယံကို ဝင်ရောက် စွက် ဖက်မှုများ ရှိနေသည့်အတွက် အာဆီယံ၏ ရှေ့အလားအလာကို စောင့်ကြည့်ရမည့် အနေအထားဖြစ်နေကြောင်း ၎င်းက ပြော သည်။

ပုံ-ဝန်ကြီးချုပ်ဟွန်ဆန်ကိုတွေ့ရစဉ်။

နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဝန်ကြီးချုပ်ဟွန်ဆန်တို့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က တွေ့ဆုံခဲ့ ကြပြီးနောက် ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို လာရောက်လည်ပတ်ရန် ဖိတ်ကြား ခဲ့သည်။

မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက “ကျနော်တို့ကတော့ ဒါက သူလာတာကို အပြုသဘော ဆောင်တဲ့ အနေနဲ့ ကြိုဆိုသင့်တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဖက်က ဘယ်လိုပြောလာမလဲ။ နစကအပေါ်မှာ ဘယ်လို ဖိအားပေးပြီး တောင်းဆိုလာမလဲ။ အကြံပြုပြီးတော့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိက္ခအပေါ်မှာ ဘယ်လိုချုပ်ငြိမ်းအောင် ဒါမှမဟုတ် တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ အဖြေတစ်ခုခုကိုတော့ သူ့ဖက်က ရနိုင်အောင် ကြိုးစားနိုင်မယ် ဆိုရင် တော့ ဒါကောင်းတဲ့ လက္ခဏာလို့ ပြောလို့ရတာပေါ့နော်။ ဘာမှလည်း မရခဲ့ဘူး။ အဖြေလည်း တိတိကျကျ မရခဲ့ဘူး။ အကျိုး သက်ရောက်မှုလည်း ဘာမှမရှိဘူးဆိုရင်တော့ သူ့ရဲ့လာခြင်းဟာတော့ အချည်းနှီး ဖြစ်သွားမှာပေါ့”ဟု CNI သို့ ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာပြည်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးဆိုခြင်းထက် အာဆီယံ၏ ဆုံးဖြတ်ချက် အပေါ်တွင်လည်း အလေးအနက်ထား ဆွေးနွေးမည်ဟု ယူဆကြောင်း၊ မဆွေးနွေးဘဲ နေခြင်းထက် ယခုကဲ့သို့ ဆွေးနွေးနိုင် မည်ဆိုပါက ကောင်းသည့် လက္ခဏာဟု မြင်မိကြောင်း ဦးဖေသန်းက ပြောသည်။

ဝန်ကြီးချုပ်ဟွန်ဆန်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုရယူခဲ့ပြီးနောက်  မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ‌အာဆီယံ၏ ဘုံသဘောတူချက် ၅ ချက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သိရသည်။

ထို့နောက် ဝန်ကြီးချုပ် ဟွန်ဆန်၏ ခရီးစဉ်မှာ နစကအား အသိအမှတ်ပြုရာ ရောက်လိမ့်မည်ဟုဆိုကာ တော်လှန်ရေး အင်အား စုများက ဟွန်ဆန်ရုပ်ပုံများကို မီးရှို့ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။