ပြုံယမ်း၊ ဇန်နဝါရီ ၆

ဇန်နဝါရီ ၅ ရက် (ယမန်နေ့)က စမ်းသပ်ခဲ့သည့် ဒုံးကျည်သည် အသံထက်မြန်သော လက်နက်ဖြစ်ပြီး ပစ်မှတ်ကို အောင်မြင် စွာ ထိမှန်ခဲ့ကြောင်း မြောက်ကိုရီးယားက အတည်ပြု ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ဂျပန်နှင့်တောင်ကိုရီးယားတို့ ထောက်လှမ်းသိရှိခဲ့သည့် အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြောက်ကိုရီးယား၏ ဒုတိယမြောက် အသံထက်မြန်သည့် ဒုံးကျည်အမျိုးအစား ဖြစ်လာခဲ့ သည်။ ထိုလုပ်ရပ်မျိုးကို ကုလသမဂ္ဂက တားမြစ်ထားသည်။

အဆိုပါ ဒုံးကျည်သည် မတ်စောက်သော လမ်းကြောင်းဖြင့် ပျံသန်းရလေ့ရှိသည့် အာကာသထဲ ပစ်လွှတ်သော  ပဲ့ထိန်းဒုံးပျံ များနှင့်မတူဘဲ အသံထက်မြန်ပြီး ပစ်မှတ်အနိမ့်များဆီသို့ ပျံသန်းနိုင်စွမ်း ရှိသည်။ အသံထက် မြန်နှုန်းမှာ ၅ ဆကျော်ဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၆,၂၀၀ ( မိုင်ပေါင်း ၃၈၅၀) ခန့်ပြေးနိုင်သည်။

“အသံထက် မြန်တဲ့ ဒုံးကျည်ကဏ္ဍအဖြစ် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခြင်းဟာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ခေတ်မီ အောင် လုပ်ဖို့တာဝန်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ရာမှာ မဟာဗျူဟာမြောက် အရေးပါ ပါတယ်” ဟု မြောက်ကိုးရီးယား အစိုးရအာဘော် KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ပုံ- ပုံ-မြောက်ကိုရီးယားက အသံထက်မြန်သောဒုံးကျည်ပစ်လွတ်စမ်းသပ်နေစဉ်။(Reuters)

ဇန်နဝါရီ ၅ ရက် စမ်းသပ်မှုတွင် အသံထက်မြန်၍ ညက်ညောစွာ ပျံသန်းနိုင်ရန် ထိပ်ဖူးတပ်ထားသော ၎င်းဒုံးကျည်သည် ပစ်လွှတ်ရာစင်ပေါ်မှ စတင်ပျံသန်းသည့်အခါ ကီလိုမီတာ ၇၀၀ (၄၃၅ မိုင်) အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာ မထိမီ ကီလိုမီတာ ၁၂၀ (၇၅ မိုင်) အကွာအဝေးအရောက်၌ အရှိန်မြှင့် လှုပ်ရှားနိုင်ကြောင်း KCNA က သတင်းဆက်လက် ဖော်ပြ သည်။

အဆိုပါ စမ်းသပ်မှု၌ ပျံသန်းရေး ထိန်းချုပ်မှုနှင့် အအေးဓါတ် လွှမ်းမိုးသည့် ဆောင်းရာသီမှာပင် လှုပ်ရှားပစ်ခတ်နိုင်သော အစိတ်အပိုင်းများကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်ကတည်းက နျူကလီးယားဗုံးများ (သို့မဟုတ်) တာဝေးပစ်နှင့် တိုက်ချင်းပစ် ဒုံးကျည် (ICBMs)ကို မြောက်ကိုရီးယားတို့ မစမ်းသပ်ရသေးသော်လည်း မကြာသေးမီ နှစ်များအတွင်း ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထိုး ဖောက် ပစ်ခတ်နိုင်သော ဒုံးကျည်နှင့်ထိပ်ဖူးတို့ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားနှင့်အမေရိကန်တို့က သုံးသပ်ထားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် အသံထက်မြန်သည့် ဒုံးကျည် (Hwasong-8) ကို ပထမဆုံး စမ်းသပ် နိုင်ခဲ့သည်။

“မြောက်ကိုရီးယားတွေဟာ အသံထက်မြန်တဲ့ နည်းပညာကို ဖော်ထုတ်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရင်ဆိုင်ကျော်လွှားဖို့ အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ရရှိသွားတဲ့ သဘောပဲလို့ ယူဆပါတယ်” ဟု အမေရိကန်၊ ကာနယ်ဂျီ နိုင်ငံတကာ ငြိမ်းချမ်းရေး ပံ့ပိုးမှုဌာန အကြီးတန်းအရာရှိ အန်ကစ်ပန်ဒါ (Ankit Panda) က ရိုက်တာသတင်းဌာနသို့ ပြောသည်။

 

Source: Aljazeera, Reuters