နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၆

ယခင်ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း ဖြစ်ခဲ့ဖူးသည့် ကာဇက်စတန်နိုင်ငံတွင် ရက်ပေါင်းအတန်ကြာ ဆန္ဒပြမှုများအပေါ် နှိမ်နင်းရာ မအောင်မြင်ခဲ့ဘဲ အစိုးရပိုင် အဆောက်အအုံများ မီးရှို့ခံခဲ့ရ၍ သမ္မတ တိုကာယာ့ဗ်က ရုရှား ဉီးဆောင်သော မဟာ မိတ်အဖွဲ့ထံ အကူအညီတောင်းထားရကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ ဆန္ဒပြမှုများကြောင့် လုံခြုံရေးဝန်ထမ်း ၈ ဦး သေဆုံးခဲ့ရကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက်ဖော်ပြထားသည်။

နှစ်သစ်ကူးကာလ လောင်စာဆီဈေးတက်မှုကို ဆန့်ကျင်သည့်အနေဖြင့် အာရှအလယ်ပိုင်းဒေသရှိ ကာဇက်စတန်နိုင်ငံတွင် ဇန်နဝါရီ ၅ ရက်က ဆန္ဒပြသူများနှင့်ရဲများ ထိပ်တိုက်တွေ့ခဲ့ပြီး အစိုးရ အဆောက်အအုံများကို လူအုပ်ကြီးဖြင့် ဝင်ရောက် စီးနင်းခြင်းများ ဖြစ်ပွားခဲ့သည်။

“ဒီလို အကြမ်းဖက် ခြိမ်းခြောက်မှုကို ကျော်လွှားဖို့ ကာဇက်စတန်ကို အကူအညီပေးဖို့ CSTO (စုပေါင်းလုံခြုံရေး စစ်စာချုပ် အဖွဲ့) အကြီးအကဲတွေကို ဒီကနေ့ပဲ ကျနော် မေတ္တာရပ် ခံခဲ့ပါတယ်” ဟု သမ္မတ တိုကာယာ့ဗ်က ဇန်နဝါရီ ၆ ရက် (ယနေ့) အစောပိုင်း၌ အစိုးရပိုင် ရုပ်သံလိုင်းမှ မိန့်ခွန်းပြောခဲ့သည်။

“တကယ်တော့ ဒါက ခြိမ်းခြောက်မှုတင် မဟုတ်ပါဘူး။ နိုင်ငံ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောခဲ့သည်။

မော်စကို(ရုရှား)သည် CSTO မဟာမိတ်အဖွဲ့ကို ဦးဆောင်နေပြီး ယင်းအဖွဲ့ထဲတွင် အခြားဆိုဗီယက်နိုင်ငံဟောင်း ၅ နိုင်ငံ ပါဝင် ထားကြသည်။

ပုံ-ကာဇက်စတန် ဆန္ဒပြသူများက ရဲကားများကို ဖျက်ဆီးထားစဉ်။(Reuters)

နိုင်ငံတစ်ဝန်း အရေးပေါ် အခြေအနေ ကြေညာခဲ့ရသော တိုကာယာ့ဗ်က “နိုင်ငံခြားမှာ လေ့ကျင့်သင်ကြားပြီး ပြန်ရောက်လာ တဲ့ အကြမ်းဖက် အုပ်စုတွေက လောလောဆယ် ကျနော်တို့တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတယ်၊ သူတို့က အခြေခံ အဆောက်အအုံ တွေကို သိမ်းယူနေပြီး အရေးကြီးဆုံးဖြစ်တဲ့ လက်နက်ငယ်ထားတဲ့ နေရာတွေကို ဝင်စီး နေကြပါတယ်” ဟု ပြောသည်။

ကာဇက်စတန်၏ အကြီးဆုံးဖြစ်သော အယ်လ်မာတီမြို့ရှိ လေဆိပ်မှ လေယာဉ်ငါးစင်းကိုလည်း အကြမ်းဖက်အုပ်စုက သိမ်းယူ သွားခဲ့ကြောင်း တိုကာယာ့ဗ်က တိုင်းပြည်သို့ ရှင်းပြခဲ့သည်။

“လတ်တလောမှာ အယ်လ်မာတီမြို့နား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လေတပ်တွေနဲ့ သူတို့နဲ့ တိုက်ပွဲဖြစ်နေပါတယ်။ ကိုင်တွယ်ရတာ ခက်တဲ့ တိုက်ပွဲပါပဲ” ဟု ၎င်း၏မိန့်ခွန်း၌ ထည့် သွင်းပြောကြားခဲ့သည်။

နောက်ပိုင်းတွင် လေဆိပ်ထဲမှ ဆန္ဒပြသူများကို ရှင်းလင်းနိုင်ခဲ့ပြီး ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်ကြောင်း အယ်လ်မာတီ လက်ထောက် မြို့တော်ဝန်က ပြောကြားခဲ့သည်။

အဆိုပါ ဆူပူအုံကြွမှု၌ ရဲတပ်ဖွဲ့ဝင်နှင့် အမျိုးသားလုံခြုံရေးဝန်ထမ်း ၈ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကာဇက်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် အရပ်သား အသေအပျောက် စာရင်းကိုတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

အယ်လ်မာတီမြို့ရှိ နေအိမ်အချို့မှ ဆန္ဒပြသူများ တိမ်းရှောင် ထွက်ပြေးသွားပြီးနောက် ရဲတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းမှုများ ရှိခဲ့ သည်။

Source: Aljazeera