CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၆

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်ကွန်ဂရက်(လွှတ်တော်)အတွင်း သွေးထွက်သံယိုဖြစ်ခဲ့သည့် အဓိကရုဏ်းသည် ယခုအခါတစ်နှစ်ပြည့်ခဲ့ပြီးဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထား ကွဲလွဲမှုများရှိနေသည့် ကွန်ဂရက်(လွှတ်တော်)တည်ရှိရာ ကာပီတယ်အဆောက်အအုံအတွင်း မတည်မငြိမ် မြင် ကွင်းကို ကမ္ဘာသိအောင် ပြသတော့မည်ဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အချို့က ကာပီတယ်အဓိကရုဏ်းနှစ်ပတ်လည်နေ့တွင် ခေတ္တငြိမ်သက်နေခြင်းဖြင့် အထိမ်းအမှတ်ပြုလုပ်ရန် စီစဉ်နေခဲ့ကြသည်။ အချို့ကတော့ ထိုနေ့တနေ့တာကို အမေရိကန်လူမျိုးများအား ဒီမိုကရေစီပညာပေးခြင်းဖြင့် ကုန်ဆုံးစေမည်ဟု အားခဲထားခဲ့ကြသည်။

ထို့ပြင် အမေရိကန်သမိုင်း၌ ကွန်ဂရက်အတွင်း သွေးထွက်သံယိုမှုရှိခဲ့သော တိုက်ခိုက်မှုအပေါ် နောင်လာ နောက် သားများ မှတ်သားရန်မလိုဟု တွေးထင်ကြသူများလည်း ရှိသည်။

ဇန်နဝါရီ ၆ ရက်ဖြစ်စဉ်ကို အောက်မေ့ကြသည့်နည်းလမ်းအသွယ်သွယ်တို့သည် နိုင်ငံရေးပါတီများအတွက် ကြီးမားသောသဘောထားကွဲလွဲမှု ယူဆနိုင်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကွဲပြားနေသော နိုင်ငံကို မည်သို့ပေါင်းစည်းရမည်ဆိုသည်ကို စဉ်းစားရခက်စေသည်။

ယမန်နှစ်က ရှုံးနိမ့်ခဲ့သူသမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်၏ရွေးကောက်ပွဲအောင်ပန်းကို နင်းချေရန် အတွက် သူ့နောက်လိုက်များကို “ငရဲလိုပဲ တိုက်ခိုက်ပါ” ဟု အမိန့်ပေးခဲ့ပြီး ကာပီတယ်အဆောက်အအုံသို့ အင် အားပြ ချီတက်ကြဖို့ တိုက်တွန်းခဲ့သည်။

ရလဒ်ကတော့ အကြမ်းဖက်မှုနှင့်နှောင့်ယှက်မှုများကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူ ၅ ဦး သေဆုံးခဲ့သည်။ ရာနှင့်ချီသော စွဲချက်များနှင့် ပိုင်ဆိုင်မှု ဒေါ်လာသန်းပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ယင်းနောက် အကျိုးဆက်အနေဖြင့် လွှတ်တော်အမတ်များအကြား ယုံကြည်မှုပျက်ပြားစေခဲ့ပြီး သာမန် ဥပဒေ ပြုရေးဆိုင်ရာအငြင်းပွားမှုများက အကျပ်အတည်းများဖြစ်နိုင်ခြေအထိ ပြောင်းလဲသွားစေခဲ့သည်။ နောင်လာမည့် ရွေးကောက်အတွက်လည်း အကြမ်းဖက်မှုများ ဆက်ရှိစေဖို့ တံခါးဖွင့်ထားခဲ့သည်။

“ဇန်နဝါရီ ၆ ရက်ကို ပြန်တွေးကြည့်လိုက်တော့ လူတွေ စဉ်းစားသင့်တာတစ်ခုက ဒီမိုကရေစီရဲ့ မခိုင်မာမှုကို သုံးသပ်ဖို့ဆိုတာ တွေ့လိုက်ရတယ်” ဟု ယေးလ်တက္ကသိုလ်မှ သမိုင်းနှင့်အမေရိကန်ဆိုင်ရာပါမောက္ခ ဂျိုအန်နီ ဖရီးမန်းက အကြမ်းဖက်မှုမှတ်တမ်းတင်ထားသည့် “Field of Blood” စာအုပ်တွင် ရေးသား၍ မှတ်ချက်ချထား သည်။

“ကျနော်တို့ဟာ ဒီမိုကရေစီနိုင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေ လျစ်လျူရှုထားတဲ့အရာတွေ ကို ပေါ့ပေါ့တန်တန်သဘောထားလို့ မရတော့တဲ့ အခိုက်အတန့်ပဲ” ဟု ဖရီးမန်းက ဆက်လက်ရေးသားထားသည်။

ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်နောက်ပိုင်းတွင် ဆီးနှင်းများ ဖုံးလွှမ်းနေသော ကာပီတယ်တောင်ကုန်းတွင် ထိုနေ့က အသက်အန္တရာယ်မှ ကြောက်ရွံ့နေခဲ့သော ဥပဒေပြုအမတ်များအကြားဆက်ဆံရေးမှာ သဘောထားကွဲလွဲမှု အရှိန် ပိုတက်လာခဲ့သည်။

အမေရိကန်ဒီမိုကရေစီ ပွင့်လင်းမှု၏သင်္ကေတဖြစ်သော ကာပီတယ်အဆောက်အုံသည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် ရောဂါနှင့် လွှတ်တော်အမတ်များအပေါ် ခြိမ်းခြောက်မှုများကြောင့် လာရောက်လည်ပတ်မှုများ ပိတ်ထားဆဲ ဖြစ်သည်။

အကယ်၍ ပြန်ဖွင့်သည့်အခါတွင်လည်း ရီပက်ဘလီကန်အမတ်များ အောက်လွှတ်တော်သို့ သေနတ် ကိုင်ဆောင် လာမည်ကို ဒီမိုကရက်တစ်အမတ်များက စိုးရိမ်ကြသဖြင့် သတ္တုရှာဖွေထောက်လှမ်းသည့်စနစ်ဖြင့် လွှတ်တော် အတွင်းသို့ ဝင်ကြရဖွယ်ရှိနေကြောင်း အေပီသတင်းဌာနက သုံးသပ်ရေးထားသည်။

Source: AP