CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည် ဟု ယုံကြည်ပါကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ယနေ့ (ဇန်နဝါရီ ၆ ရက်)ထုတ်ပြန်၍ ပြောသည်။

PPST သည် ဇန်နဝါရီ ၅ ရက်မှ ၆ ရက်အထိ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခုလို ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

PPST က “ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင် သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်”ဟု ပြောသည်။

ထို့နောက် ၂၀၂၂ ခုနှစ်တွင် ပြည်သူများ ခံစားနေရသော အတိဒုက္ခများကို လျှော့ချနိုင်ရေးအတွက် နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးဆွေးနွေးခြင်းနည်းဖြင့် ဖြေရှင်းကြပါရန် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကို ပန်ကြားအပ်ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

PPST က “ လာမည့် ၂၀၂၂ ခုနှစ်တွင် ချမှတ်ထားသည့် PPST လုပ်ငန်းစဉ်များအဖြစ် လက်ရှိ မြန်မာနိုင်ငံ အကျပ် အတည်း ဖြေရှင်းရေးတွင် PPST သည် NCA ၏ အနှစ်သာရကို သော်လည်းကောင်း၊ PPST ၏ နိုင်ငံရေးဦးတည်ချက် ၇ ရပ်ကိုသော် လည်းကောင်း အခြေခံ၍ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည်”ဟု ပြောသည်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အာဆီယံ နိုင်ငံများအပါအဝင် နိုင်ငံတကာ၏ ကြားဝင်စေ့စပ်ဖြေရှင်းမှုများသည် မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအခြေအနေ နှင့်အညီ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေးကို PPST အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

PPST ကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။