CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ နစကနှင့်တွေ့ဆုံဆွေးနွေးမှုက မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုး တစ်စုံ တစ်ရာ မရှိနိုင်ဘူးဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ- CRPH မှ ယနေ့ (ဇန်နဝါရီ ၇ ရက်) ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာပြည်သူများအပေါ်၌ အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာတည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် ခေါင်းဆောင်(မူရင်း- အာဏာသိမ်းစစ်ခေါင်းဆောင်)များနှင့် တွေ့ဆုံဆွေးနွေးမည့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘော ထားနှင့်ဒီမိုကရေစီ အတွက် ကြိုးပမ်းအားထုတ်မှုများကို လေးစားလိုက်နာရန် တိုက်တွန်းပါကြောင်း ဖော်ပြထားသည်။

CRPH က “မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် ထိရောက်သည့် တွေ့ဆုံဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး အာဆီယံခေါင်းဆောင်များက သဘောတူညီထားသည့် ဘုံသဘောတူညီချက် ၅ ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်အမျက်ထွက် စိတ်ပျက် လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တည်ရှိပြီးသော ဆက်ဆံ ရေးကောင်းများနှင့် တည်ဆောက်ထားခဲ့သည့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများကို ထိန်းသိမ်းသွားရန် တိုက် တွန်း ပါသည်”ဟု ပြောသည်။

လက်ရှိတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ ယနေ့ (ဇန်နဝါရီ ၇ ရက်) နံနက်ပိုင်းက ရောက်ရှိနေပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့် တွေ့ဆုံ၍ လတ်တလော မြန်မာ့နိုင်ငံရေး အကျပ်အတည်း အပါအဝင် အာဆီယံအသိုင်းအဝိုင်းထဲ မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာနိုင်ရေးတို့ကို ဆွေး နွေး ကြမည်ဖြစ်ကြောင်း သိရသည်။