CNI International News

ရန်ကုန်၊ ဇန်နဝါရီ ၇

အိန္ဒိယနိုင်ငံ၊ တလန်ဂါးနားပြည်နယ်၊ ဟိုင်ဒရာဘတ်မြို့မှ ဆရာဝန်များကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မြေးဖြစ်သူအား ခွဲစိတ်ကုသပေးရန် ကမ်းလှမ်းခဲ့ရာ Rainbow ကလေးနှလုံးသိပ္ပံ (RCHI)မှ ဝါရင့်နှလုံးရောဂါ အထူးကု ဆရာဝန် ဒေါက်တာ Nageswara Rao Koneti နှင့် Dr Shweta Bakhru တို့သည် ခွဲစိတ်မှုဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ ယခင်မြို့တော် ရန်ကုန်သို့ ယခင်သီတင်းပတ်က လာရောက်ခဲ့ကြကြောင်း အိန္ဒိယသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် indiatoday.in ၌ ဇန်ဝါရီ ၆ ရက် ရက်စွဲဖြင့် ဖော်ပြထားသည်။

အဆိုပါ ၉ လသား ကလေးငယ်သည် မွေးရာပါနှလုံးရောဂါ ခံစားနေရပြီး ၎င်း၏ချို့ယွင်းချက်ကို transcatheter ကိရိယာဖြင့် ကုသပေးနိုင်ခဲ့ပြီး နောက်တစ်နေ့တွင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ကွယ်လွန်သူ ဒေါက်တာအဗ္ဗဒူကလမ် (ယခင်အိန္ဒိယသမ္မတ) သည် Care ဖောင်ဒေးရှင်း၏ အကူအညီဖြင့် အိန္ဒိယနှင့် မြန်မာ နိုင်ငံတို့အကြား ပူးပေါင်း၍ ကလေးနှလုံးရောဂါဆိုင်ရာ လေ့ကျင့်ရေး အစီအစဉ်ကို စတင်ပေးခဲ့ရာ  သမားတော် ဒေါက်တာ Nageswara Rao Koneti က မြန်မာနိုင်ငံမှ ကလေးနှလုံးခွဲစိတ် ကုသမှုနယ်ပယ်များအတွက် ကျွမ်းကျင်ဆေးပညာရှင် ၁၀ ဦးကျော် မွေးထုတ်သင်ကြားပေးနိုင်ခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ပြီး ဆရာဝန်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ကလေးငယ်များကို ကုသပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သည်။

၎င်း၏ထူးချွန်မှုနှင့် အတွေ့အကြုံများကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သားဖြစ်သူတို့က ဒေါက်တာ Rao နှင့် ၎င်း၏ RCHI ဆရာဝန်အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မြေးအား ခွဲစိတ်ကုသ ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။

အဆိုပါ ဆရာဝန်အဖွဲ့ကို မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရေတပ်တို့က ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း၊ ရေတပ်စခန်း နှင့် ပြတိုက်များသို့ အလည်အပတ်အဖြစ် လိုက်လံပြသခဲ့ကြောင်း indiatoday.in တွင် သတင်းရေးသားထားသည်။

Source: indiatoday.in