CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းဖြင့် တွေ့ဆုံဆွေးနွေးရေး မလုပ်သေး ဘူးဟု အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ဖွဲ့(PPST)မှ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော် မျိုးဝင်းက ပြောသည်။

သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်  NCA လမ်းကြောင်း မဟုတ်သည့် အင်အားစု အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် တိုက်တွန်းကြောင်း ၎င်းက ပြောသည်။

ရဲဘော်မျိုးဝင်းက “ကျနော်တို့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘူးဆိုတာ NCA စာချုပ်က NCA မူဘောင်အတိုင်း အင်္ဂါမစုံတဲ့အတွက် တပ်မတော်၊ အစိုးရ၊ လွှတ်တော်ဆိုတဲ့ အစုအဖွဲ့ အင်္ဂါမစုံတဲ့ အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ မလုပ်ဘူးဆိုတာ အခြေခံပြောထားတာပေါ့နော်။ PPST ကပြောနေတဲ့ အင်အားစုအားလုံး ဆွေးနွေးအဖြေရှာမှ ရမယ်ဆိုတာ ဒီ NCA မူဘောင် အကောင်အထည်ကို ပြောတာမဟုတ်ဘူး။ လက်ရှိ နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းဖို့အတွက်ကို ပြောတာဖြစ်တယ်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့နေရာမှာတော့ သက်ဆိုင် သူ အားလုံးနဲ့တွေ့ပြီး ဖြေရှင်းသွားမယ်ဆိုတာကတော့ ပြီးခဲ့တဲ့ ထုတ်ပြန်ကြေညာချက်မှာလည်း ထုတ်ပြန်ခဲ့ပြီးပြီ။ အဲအတွက် ကိုလည်း ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားတာပေါ့နော်။ ဒါကြောင့်မို့လို့ ဒီ NCA မူဘောင်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲ အကောင်အထည်‌ဖော်တာနဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းတာနဲ့တော့ မတူဘူးဆိုတဲ့ဟာတော့ ကျနော်တို့ သဘောထားကိုတော့ ရှင်းရှင်းလင်းလင်း ပြောပြချင်တာပေါ့နော်” ဟု CNI သို့ ပြောသည်။

ထို့နောက် ၂၀၂၂ ခုနှစ်တွင် ချမှတ်ထားသည့် PPST လုပ်ငန်းစဉ်များအဖြစ် လက်ရှိမြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရေး တွင် NCA အနှစ်သာရကို သော်လည်းကောင်း၊ PPST ၏ နိုင်ငံရေးဦးတည်ချက် (၇) ရပ်ကို သော်လည်းကောင်း အခြေခံ၍ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

ပုံ-ရဲဘော်မျိုးဝင်းနဲ့ PPST ကိုယ်စားလှယ်များကိုတွေ့ရစဉ်။(NCA-S EAO)

နစက-က NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် (၁၀)ဖွဲ့ကို NCA ၏ ကတိကဝတ်များ လိုက်နာရန်နှင့် သက်ဆိုင်သူ အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။

NCA စာချုပ်သည် NCA လက်မှတ်ထိုးထားသည့် အစုအဖွဲ့များအားလုံး တာဝန်ယူရမည့် စာချုပ်ဖြစ်‌ကြောင်း၊ တပ်မတော်မှ အာဏာသိမ်းယူကတည်းက NCA မူဘောင်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း  ရဲဘော်မျိုးဝင်းက ပြောသည်။

၎င်းက “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ နိုင်ငံရေးယဉ်ကျေးမှုအသစ် ကျနော်တို့ ကြိုးပမ်းသွားမယ်ဆိုတဲ့ အခြေခံနဲ့ မဖြေရှင်းပဲနဲ့ စစ်တပ် အာဏာသိမ်းယူမှု‌ ဆောင်ရွက်လိုက်ကတည်းကိုက NCA ရဲ့ မူဘောင်ကို စတင်ပြီးတော့ ချိုး ဖောက်တာပဲလေ။ အဲလိုပဲ ကျနော်တို့ နားလည်တာကို ဒါကြောင့် အဲလိုမျိုး အခြေခံ အချက်အလက်တွေကို အပြန်အလှန် အပြစ်တင်‌၊ ပြောဆိုဖြေရှင်းနေမယ့်ဟာ မဟုတ်ဘဲနဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ဟာ သက်ဆိုင်သူအားလုံး ပါဝင်ဖြေရှင်းရေးကိုပဲ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ PPST ရဲ့ သဘောထားကို ပြောတာပေ့ါနော်”ဟု CNI သို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများမှာ NCA စာချုပ် အကောင်အထည်ဖော်မှုကြောင့် ဖြစ်လာသည့် ပြဿနာမဟုတ်ကြောင်း ရဲဘော်မျိုးဝင်းက ဆက်လက် ပြောသည်။

လက်ရှိ NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ် သည်။