CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၇

ဒေါ်နယ်ထရမ့်နှင့် အပေါင်းအပါများသည် ပြီးခဲ့သည့်နှစ်ရွေးကောက်ပွဲ၌ လိမ်လည်လှည့်ဖြားရန်အတွက် အမေရိကန်ကာပီတယ်အဆောက်အအုံတွင် လူအသေအပျောက်ရှိသည်အထိ “ဒီမိုကရေစီလည်ပင်းကို ဓါးထောက်ခဲ့ကြကြောင်း”၊ အမေရိကန်၏ အစိုးရအုပ်ချုပ်မှုစနစ်သည် ခြိမ်းခြောက်မှုအောက်တွင် ရှိနေပြီဟု ကာပီတယ်ဖြစ်စဉ် တစ်နှစ်ပြည့်အချိန်က သတိပေးခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၆ ရက်တွင် ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်၏ ကြောက်မက်ဖွယ်ရာ အချိန်များနှင့် လွှတ်တော်အမတ်များ၏ တိတ်တဆိတ် ဝမ်းနည်းကြေကွဲဖွယ် မှတ်တမ်းများ၊ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုခါနီးတွင် ထရမ့်ထောက်ခံသူ လူအုပ်ကြီးက အဓိကရုဏ်းလုပ်ထုံးလုပ်နည်းများကို ရပ်တန့်ရန် ကြိုးစားခဲ့ပုံများကို ယင်းဖြစ်စဉ် တစ်နှစ်ပြည့် မြောက်သည့်နေ့၌ သမ္မတဂျိုးဘိုင်ဒန်က ပြန်ပြောင်းပြောကြားခဲ့သည်။

ထူးခြားချက်မှာ ရီပတ်ဘလစ်ကန်အမတ်အားလုံးနီးပါးကတော့ ဘိုင်ဒန်အပါအဝင် ဒီမိုကရက်တစ်အမတ်များနှင့် ရင်ကြားစေ့နိုင်မည့်နေ့ဖြစ်လာမည်ဟု မျှော်လင့်ထားကြခြင်းဖြစ်သည်။ သို့သော် အဓိကရုဏ်းဖန်တီးခဲ့သည့် လိမ် လည်မှုများရှိခဲ့ခြင်းသည် နိုင်ငံတစ်နိုင်ငံအတွက် အသစ်အဆန်းလည်းဖြစ်သလို တုန်လှုပ်ခြောက်ခြားစရာ နောက် ဆက်တွဲအဖြစ်အပျက်များကို ထရမ့်က ဆက်လက်ဆုတ်ကိုင်ထားဆဲဖြစ်သည်။

“ကျနော်တို့သမိုင်းမှာ သမ္မတတစ်ယောက်ဟာ ရွေးကောက်ပွဲမှာ ရှုံးရုံတင်မကဘဲ ကာပီတယ်ထဲကို အကြမ်းဖက် လူအုပ်ဆွဲသွင်းပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဟန့်တားဖို့ ကြိုးစားခဲ့တာ ဒါ ပထမဆုံးအကြိမ်ပါပဲ” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

“ခင်ဗျားအနိုင်ရမှ တိုင်းပြည်ကို ချစ်မယ်ဆိုတာ မဟုတ်သေးဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရှုံးနိမ့်ခဲ့သော သမ္မတအပေါ် ဘိုင်ဒန်၏ဝေဖန်မှုသည် ကွန်ဂရက်(လွှတ်တော်) နှင့်နိုင်ငံအပေါ် အခြေခံအားဖြင့် ပြောင်းလဲသွားစေသည့် ဖျက်လိုဖျက်ဆီးလုပ်ရပ်အဖြစ် ပြင်းပြင်း ထန်ထန်ရှုတ်ချခဲ့ပြီး အမေရိကန် ဒီမိုကရေစီ၏ အနာဂတ်ကို ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုများလည်း တိုးပွားလာစေခဲ့သည်။

“သမ္မတဟောင်းအပေါ် ထောက်ခံသူတွေဟာ သမိုင်းကို ပြန်ရေးဖို့ ကြိုးစားနေပါတယ်။ သူတို့က ရွေးကောက်ပွဲ နေ့ကို ပုန်ကန်တဲ့နေ့အဖြစ်နဲ့ ဇန်နဝါရီ ၆ ရက်မှာ ဖြစ်ပွားစေခဲ့ပါတယ်။ အမှန်က ပြည်သူတွေရဲ့ဆန္ဒအမှန်ကို ထုတ်ဖော်တဲ့နေ့လို့ပဲ မြင်စေချင်တာပါ” ဟု ဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။

နှစ်ပတ်လည်နေ့မတိုင်မီက အဆိုပါဖြစ်စဉ်ကို ဘိုင်ဒန်က အတန်ငယ်သာ ပြောကြားခဲ့ဖူးသော်လည်း ယမန်နေ့ ဇန်နဝါရီ ၆ ရက်တွင်တော့ ပြင်းထန်လေးနက်စွာ ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်သည်။

Source: AP