CNI International News

မဲလ်ဘုန်း၊ ဇန်နဝါရီ ၅

ဇန်နဝါရီ ၆ ရက် (မနက်ဖြန်နေ့) ကျင်းပမည့် အွန်လိုင်းအစည်းအဝေးတွင် ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်း‌ဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူစာချုပ်ကို ဩစတြေးလျနှင့်ဂျပန်တို့ လက်မှတ်ရေးထိုးကြရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းအရ သိရသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ စစ်အင်အားနှင့် စီးပွားရေး အရှိန်အဟုန် မြင့်တက်လာချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေဖို့ ဩစတြေးလျနှင့်ဂျပန်တို့၏ နောက်ဆုံး လုပ်ဆောင်ချက်လည်း ဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အပြန်အလှန် နားလည်မှု သဘောတူညီချက် လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး နှစ်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြမည့် မူဘောင်တစ်ရပ်ကို ပထမဆုံးအကြိမ် ချမှတ်မည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောသည်။

“ဒီသဘောတူစာချုပ်ဟာ မဟာဗျူဟာလုံခြုံရေး စိန်ခေါ်မှုတွေကို ကျနော်တို့ရင်ဆိုင်ရာမှာ လုံခြုံပြီး တည်ငြိမ်တဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာဖို့ အတူတကွ လုပ်ဆောင်ကြမယ့် ကတိကဝတ်ဖြစ်ပါတယ်” ဟု မောရစ်ဆင်က ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်အပေါ် ဖိအားပေးမှုများ၊ ကုန်သွယ်ရေး အငြင်းပွားမှုနှင့် ဒေသတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အပါအဝင် တရုတ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်များအပေါ် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ စုဖွဲ့ထားသည့် ကွက်ဒ် (Quad)က ရပ်တည်၍ ကြိုးပမ်းအားထုတ်ခဲ့ကြရာ လုံခြုံရေးဆိုင်ရာ တင်းမာမှုများ တိုးလာခဲ့သည်။

တရုတ်ကတော့ အဆိုပါ သဘောတူစာချုပ်များသည် ဂျပန်နှင့်ဩစတြေးလျ နှစ်နိုင်ငံကြား ဒေသတွင်း ယုံကြည်မှု၊ ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးတို့ကိုသာ မြှင့်တင်သင့်သည်ဟု တုံ့ပြန်ခဲ့သည်။

ပုံ- ဂျပန်နဲ့ ဩစတြေးလျ ဝန်ကြီးချုပ်တို့ကို တွေ့ရစဉ်။

“တတိယအဖွဲ့အစည်း (third party) အကျိုးစီးပွားကို ပစ်မှတ်ထားတာမျိုး (ဒါမှမဟုတ်) ထိခိုက်နစ်နာစေတာမျိုး မဖြစ်သင့်ပါ ဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝီဘင် (Wang Wenbin) က ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသည့် နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဩစတြေးလျနှင့် ဂျပန်တို့သည် သန့်ရှင်းသော စွမ်းအင်၊ အရေးကြီးသော နည်းပညာများနှင့် အစိုးရချင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်းလာစေမည့် အခွင့် အလမ်းများ ဆွေးနွေးသွားကြရန် စီစဉ်ထားသည်။

“ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုဟာ အိန္ဒိယ၊ အမေရိကန်တို့နဲ့အတူ Quad အတွက် တိုးချဲ့လုပ်ဆောင်မယ့် အစီအစဉ်တစ်ခု နဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး နည်းပညာမျှဝေဖို့ ဦးဆောင်ချဉ်းကပ်မှုလည်း ပါပါတယ်” ဟု မောရစ်ဆင်က ဆက်လက် ပြောကြားခဲ့သည်။

အွန်လိုင်းမှ ကျင်းပမည့် အဆိုပါ ထိပ်သီး အစည်းအဝေးတွင် အရေးကြီးသည့် ဘုံစိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး မည်ဖြစ်ကြောင်း ဂျပန်အစိုးရ ထိပ်တန်းပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ဂျပန်နဲ့ ဩစတြေးလျ ဆက်ဆံရေးကို ပိုပြီး မြှင့်တင်မှာဖြစ်ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ အကောင် အထည်ဖော်ဖို့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုကို ထပ် လောင်း အတည်ပြုပါ့မယ်” ဟု ဂျပန်အစိုးရ အတွင်းဝန်ချုပ် ဟီရိုကာ ဇူမတ်စုနိုက သတင်းထောက်များကို ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

 

Source: Reuters