ဖနွမ်ပင်၊ ဇန်နဝါရီ ၅

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် အာဆီယံ အသိုင်းအဝိုင်းသို့ မြန်မာ ပြန်လည် ရောက်ရှိရန်တို့အတွက် ဇန်နဝါရီ ၇ ရက် ဝန်ကြီးချုပ်ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ် စတင်ခါနီး အချိန်အတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဟွန်ဆန်တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း ဖနွမ်ပင်ပို့စ်ဝက်ဘ်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးမှုတွင် “ယခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား အောင်မြင်ပါစေ” ဟု ဇန်နဝါရီ ၄ ရက်တွင် ဂျိုကိုဝီဒိုဒိုက နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ဖနွမ်ပင်ပို့စ်ဝက်ဘ်ဆိုက်တွင် ဆက်လက်ဖော်ပြထားသည်။

လာမည့် နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ-ဥရောပ အစည်းအဝေး (ASEM13) အတွက် ဂျိုကိုဝီ၏ ပံ့ပိုးကူညီမှု မကြာသေးခင်က ပါဝင်ခဲ့၍ ဟွန်ဆန်က ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။

ဟွန်ဆန်နှင့် ဂျိုကိုဝီတို့အကြား တယ်လီဖုန်းဖြင့် ဆွေးနွေးမှု ရလဒ်များကို ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း ဖနွမ်ပင်ပို့စ်က ဇန်နဝါရီ ၅ ရက် ရက်စွဲဖြင့် ရေးသား ထား သည်။

ပုံ-ဝန်ကြီးချုပ်ဟွန်ဆန်ကို ဟွန်ဂျိုကိုဝီဒိုဒိုနဲ့ ဆွေးနွေးနေစဉ်တွေ့ရခြင်း။

ခေါင်းဆောင်နှစ်ဦးတို့သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေမှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သင့်လျော်သည့် ဖြေ ရှင်းနည်းများ ရှာဖွေရာတွင် မြန်မာကို အကူအညီပေးရန် အာဆီယံကြိုးပမ်း အားထုတ်မှုများအပေါ် အလေးထား ဆောင်ရွက် ကြရန် ဆွေးနွေးခဲ့ကြသည်။

ယခု ၎င်းတို့ဆွေးနွေးမှုသည် အာဆီယံအတွင်း စည်းလုံးညီညွတ်ခြင်းကို ပြသသည့် လူထုသံတမန် ဆက်ဆံရေးပုံစံ တစ်ခုဖြစ် ကြောင်း ကမ္ဘောဒီးယားဒီမိုကရက်တစ်သိပ္ပံကျောင်း ပူးတွဲတည်ထောင်သူ ရိုဗန်နက် (Ro Vannak) က မှတ်ချက်ချခဲ့သည်။

အင်ဒိုနီးရှားသည် ယခင်တုန်းကလည်း အရှေ့တောင်အာရှ ဒေသတွင်း ပဋိပက္ခများ ဖျန်ဖြေသူနှင့် ကူညီဆောင်ရွက်ပေးသူ အဖြစ် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ဖူး၍ ဒေသတွင်းကိစ္စရပ် အထွေထွေအတွက် ဆွေးနွေးတိုင်ပင်မှုတိုင်း၌ အင်ဒိုနီးရှား၏ ဖြည့်စွက် ချပြမှုများကို မိမိ တန်ဖိုးထားပါကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

ဟွန်ဆန်၏ မြန်မာခရီးစဉ် အဆင်ပြေချောမွေ့စေရေးနှင့် ရလဒ်ကောင်းများ ထွက်ပေါ်ရေးတို့အတွက် အင်ဒိုနီးရှား၏ ကျောထောက်နောက်ခံ အပြည့်အဝရှိရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၁ ရက်တွင် တတိယအကြိမ်မြောက် အာဆီယံဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ယခုနှစ် ဆောင်ပုဒ်ကို “ASEAN ACT” ဟု ကမ္ဘောဒီးယားကပင် ရွေးချယ်ချမှတ်ပေးခဲ့ပြီး ဆောင်ပုဒ်၏အဓိပ္ပါယ်မှာ စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းခြင်းဟု အတိုကောက်အားဖြင့် မှတ်ယူနိုင်သည်။

Source: Phnompenh Post