ဂါဇာ၊ ဇန်နဝါရီ ၅

ပါလက်စတိုင်း အကျဉ်းသားတစ်ဦးအပေါ် ဆက်လက် ချုပ်နှောင်ခြင်းမပြုရန် အစ္စရေးဘက်မှ ဇန်နဝါရီ ၃ ရက်၌ သဘောတူခဲ့ ပြီးနောက် ၎င်း၏ ၅ လနီးပါးကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်ခဲ့ကြောင်း ၎င်း၏မိသားစုနှင့် ပါလက်စတိုင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။ သို့သော် ထိုသဘောညီချက် ရယူခဲ့ခြင်းအား အစ္စရေးဘက်မှ အတည်မပြုပေ။

အသက် ၄၀ အရွယ်ရှိ ဟစ်ဟမ်အဘူဟာဝပ်ရှ်သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် အစ္စရေး၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး နောက် ပြစ်ဒဏ်တစ်စုံတစ်ရာ အမိန့်ချမှတ်ခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်း ထားခြင်းအပေါ် ၎င်းက ကန့်ကွက်သည့် အနေဖြင့် အစာငတ်ခံ ဆန္ဒပြခဲ့သည်။

အဘူဟာဝပ်ရှ်သည် ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟက် စစ်သွေးကြွအဖွဲ့အတွက် စစ်ဆင်ရေး လုပ်ဆောင်သူဖြစ်ကြောင်း အမည်မဖော်လိုသူ အစ္စရေးလုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အကြမ်းဖက်လှုပ်ရှား ပါဝင်ပတ်သက်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် အဘူဟာဝပ်ရှ်သည် ပြီးခဲ့သည့်လ ဒီဇင်ဘာတွင် ဆေးရုံတက်ရောက်၍ ကုသမှုခံယူခဲ့ရသည်။ အစ္စရေးနှင့် ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွများအကြား ယမန်နှစ် မေလ၌ ၁၁ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး အဘူဟာဝပ်ရှ် သေဆုံးပါက အစ္စရေးကို ပြန်တိုက်မည်ဟု အစ္စလာမ္မစ်ဂျီဟက်အဖွဲ့၏ ခြိမ်းခြောက်မှုလည်း ရှိခဲ့သည်။

“အဘူဟာဝပ်ရှ် လွတ်မြောက်လာတဲ့အတွက် ကျနော်တို့ ဂုဏ်ယူဝမ်းသာပါတယ်။ အဓမ္မ တားဆီးခံခဲ့ရတဲ့ သူ့လွတ်လပ်ခွင့် အတွက် ပြန်ရအောင် လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာမိတာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှာတေယာ့က တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ထားသည်။

ပုံ-အစာငတ်ခံ ဆန္ဒပြသူ အဘူဟာဝပ်ရှ်ပြန်လွတ်ရေးတောင်းဆိုနေကြစဉ်။(Reuters)

၎င်းအပေါ် အစ္စရေးတို့ ထိန်းသိမ်းထားခြင်းအား လာမည့် ဖေဖော်ဝါရီ ၂၆ ရက်ထက် မကျော်လွန်စေရန် နှစ်ဘက် သဘောတူ ညီခဲ့ကြောင်း အဘူဟာဝပ်ရှ်၏ ရှေ့နေ ဂျာဝပ်ဘူးလော့က ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နာဖ်တလီဘန်းနက်၏ ပြောရေးဆိုခွင့်ရှိသူများ၊ ရှင်းဘတ် ပြည်တွင်းလုံခြုံရေး အေဂျင်စီ၊ အစ္စရေးစစ်ဘက်နှင့် အကျဉ်းထောင် အာဏာပိုင်များထံမှ သဘောထားမှတ်ချက်များ ထွက်ပေါ်လာခြင်း မရှိသေး ပေ။

အဘူဟာဝပ်ရှ်သည် စစ်သွေးကြွလှုပ်ရှားမှုများအပေါ် သံသယရှိလျှင် ရက်ပေါင်း ၆၀ အထိ ဖမ်းထားနိုင်သည့် အစ္စရေး၏ စီမံ ကွပ်ကဲမှုအောက်၌ ဖမ်းဆီးခံခဲ့ရသော ရာဂဏန်းရှိ ပါလက်စတိုင်း အကျဉ်းသားများထဲမှ တစ်ဦးဖြစ်သည်။ ထို့ပြင် အစ္စရေး တရားရုံးက ခွင့်ပြုလျှင် ၎င်းတို့အပေါ် ချုပ်နှောင်သည့်ကာလ သက်တမ်းတိုးနိုင်သေးသည်။

တရားစွဲဆိုရန် အထောက်အထား မခိုင်လုံသည့် အမှုများအတွက် အကြမ်းဖက်မှုကို တားဆီးရန် (သို့မဟုတ်) လျှို့ဝှက် သတင်း ပေးသူများ၏ အထောက်အထားကို ဖော်ထုတ်ရန် တရားရုံးသွားဖို့ အန္တရာယ်များသည့် နေရာများတွင် အလားတူ အရေးယူ မှုများ လိုအပ်သည်ဟု အစ္စရေးတို့က ပြောကြားခဲ့သည်။

အစ္စရေးတို့၏ အဆိုပါအလေ့အထကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်။

 

Source: Reuters