၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မ‌တော် (RCSS/SSA)၏ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း စိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရတ်တစ်ပါတီ (SNDP)ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေး ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။

စိုင်းအိုက်ပေါင်းက “မတွေ့ဖြစ်ဘူး။ မတွေ့ဖြစ်ဘူးဗျ။ သူမအားဘူးလေ၊ သူအလုပ်ရှုပ်နေတော့ မတွေ့ဖြစ်ဘူးဖြစ်နေတယ်။ အဓိက သူနဲ့သွားတွေ့မှာလေ။ သူက Date မပေးတော့ မတွေ့ဖြစ်ဘူးပေါ့”ဟု CNI သို့ ပြောသည်။

မိမိအနေဖြင့် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် တွေ့ဆုံရန် နိုင်ငံရေးပါတီများအစုအဖွဲ့၏ပြည်ထောင်စုငြိမ်းချမ်းရေးဆွေနွေးမှု ပူးတွဲကော်မတီ(UPDJC) ကိုယ်စားပြု၍ သွား‌ရောက်ခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

UPDJC ကို အစိုးရ အစုအဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စသဖြင့်ဖွဲ့စည်းရန် သတ်မှတ်ထားသည်။

လက်ရှိတွင် နိုင်ငံရေးပါတီ ၉၂ ပါတီရှိသည့်အနက် ၄၈ ပါတီသည် နိုဝင်ဘာလက အစည်းအဝေး ကျင်းပ၍ နိုင်ငံရေးပါတီများ အစုအဖွဲ့ UPDJC ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သလို SNDP ပါတီမှ စိုင်းအိုက်ပေါင်းကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒီမိုက ရက်တစ်ပါတီ(မြန်မာ)ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းအား အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စိုင်းအိုက်ပေါင်းသည် UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ကာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် အပြင် KNU၊ PNLO၊ KNPP၊ NMSP၊ ABSDF၊ PPST စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တွေ့ဆုံနိုင်ရေး ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောသည်။