ပြုံယမ်း၊ ဇန်နဝါရီ ၅

မြောက်ကိုရီးယားသည် ပင်လယ်ထဲသို့ အမျိုးအမည်မသိ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ (JCS)က ပြောကြားခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ ပစ်လွှတ်မှုကို ပထမဆုံး သတင်းထုတ်ပြန်ခဲ့သည် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း အတည်ပြုချက် တစ်စုံတစ်ရာ မရသေးပေ။

အကယ်၍ အတည်ပြုချက် ထွက်ပေါ်လာပါက ယခုလုပ်ရပ်သည် ၂၀၂၂ ခုနှစ်အတွင်း ပြုံယမ်း၏ ပထမဆုံး ဒုံးကျည်ပစ်လွှတ်မှု ဖြစ်လာမည်ဟု ဘီဘီစီက သတင်းဆက်လက် ဖော်ပြသည်။

မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုများ မပြုလုပ်ရန် ကုလသမဂ္ဂက တားမြစ်ထား သည်။

နောက်ထပ် အသေးစိတ် အချက်အလက်များအတွက် တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းတို့က အနီးကပ် ခွဲခြမ်း စိတ်ဖြာသုံးသပ်နေကြောင်း JCS ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အဆိုပါ သံသယဖြစ်ဖွယ် ပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ခန့်အထိ ဝဲပျံပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှိက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ပုံ-မြောက်ကိုရီးယား ခေါင်းဆောင်ကိုတွေ့ရစဉ်။(KCNA)

ကိုရီးယားကျွန်းဆွယ်တွင် ပို၍ မတည်မငြိမ်ဖြစ်လာသော စစ်ရေး အခြေအနေကြောင့် ပြုံယမ်းအနေဖြင့် ၎င်း၏ ကာကွယ်ရေး စွမ်းရည်ကို ဆက်လက်ပြီး အခိုင်အမာ ထားရှိမည်ဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားပြီး ရက်ပိုင်းအကြာ ယခုကဲ့သို့ ပစ်လွှတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား အာဏာရပါတီ၏ ယမန်နှစ် နှစ်ကုန်ပိုင်း အရေးကြီး အစည်းအဝေး ကျင်းပစဉ်အတွင်း ကင်မ်ဂျုံအန်းက အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည်။

မြောက်ကိုရီးယားသည် ယမန်နှစ် ၂၀၂၁ က ၎င်း၏ လက်နက်အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး အသံထက်မြန်သော ဒုံးကျည်နှင့် မီးရထားအခြေပြု ပဲ့ထိန်းဒုံးကျည်၊ တာဝေးပစ် ခရုဇ်ဒုံးကျည်အသစ်တို့ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

ထိုပဲ့ထိန်း ဒုံးကျည်များသည် ခရုဇ်ဒုံးကျည်များထက် ပိုမိုလျင်မြန်ပြီး အကွာအဝေးလည်း ပိုမိုဝေးရာရောက်ရှိအောင် ပစ်ခတ် နိုင်စွမ်းရှိကြသည်။  

ပြုံယမ်းသည် ၎င်းစီးပွားရေး ထိခိုက်စေသည့် ကိုရိုနာဗိုင်းရပ်စ် အဟန့်အတား၊ အစာရေစာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရချိန် တွင် ယခုကဲ့သို့ လက်နက်စမ်းသပ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

၂၀၂၁ နှစ်ကုန်ပိုင်း အစည်းအဝေးတွင် မစ္စတာကင်မ်က “နိုင်ငံအနေဖြင့် သေခြင်းနှင့်ရင်ဆိုင်ရသော တိုက်ပွဲကို ဆင်နွှဲနေရ ကြောင်း ပြောကြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုဘဝ အဆင့်အတန်း မြှင့်တင်ရေးမှာ လာမည့်နှစ် ရည်မှန်း ချက်ထဲတွင် ထည့်သွင်းထားကြောင်း” အသိပေးခဲ့သည်။

 

Source: BBC