CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅

နစက(မူရင်း-စစ်ကောင်စီ)၏ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိ ပေးထုတ်ပြန်ချက်ကိစ္စကို PPST အတွင်းဆွေးနွေးပြီး သဘောထားချမှတ်သွားမည်ဟု PPST ၏ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၅ ရက်) ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ၎င်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်အောင်မင်းက “လက်ရှိ နိုင်ငံရေးအကျပ်အတည်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ချင်းပြည်ဖြစ်စဉ်၊ ကရင်နီပြည် ဖရူဆို မိုဆိုဖြစ် စဉ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းဖြစ်စဉ်၊ လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ် အရေးအခင်းနဲ့ စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသို့ အသိပေး ထုတ်ပြန် ချက် ကိစ္စတို့ကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးပြီး သဘောထားချမှတ်သွားရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးအတွက် ကုလမသဂ္ဂအထူးကိုယ်စားလှယ်နှင့် အာဆီယံတို့၏ ကြိုး ပမ်း လာမည့် ခြေလှမ်းများကို မိမိတို့က အပြုသဘောနှင့်စောင့်ကြည့်ရမှာဖြစ်ပြီး ပြည်တွင်းတိုက်ပွဲရှောင်များအတွက် နယ်စပ် ဖြတ်ကျော် အကူအညီ ရရှိနိုင်ရေးကိုလည်း ညှိနှိုင်းဆွေးနွေး နည်းလမ်းရှာသွားရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

နစက-က သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခြင်းဟုဆိုကာ ဒီဇင်ဘာ ၃၀ ရက် နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

နစက-က “ ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ စတုတ္ထ အချက် ထဲမှာလည်း ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ် ပါတယ်” ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပုံ- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က  PPST အစည်းအဝေးကိုတွေ့ရစဉ်။(NCA-S EAO)

နစက၏ သက်ဆိုင်သူ အဖွဲ့အစည်းများအားလုံးဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသစ်များကိုပါ ဖိတ် ခေါ်ခြင်းလား သို့မဟုတ် NCA ထိုးထားသည့် လက်ရှိ ၁၀ ဖွဲ့နှင့် NCA ထိုးနိုင်ရေး ညှိနှိုင်းနေဆဲ လက်နက်ကိုင် ၈ ဖွဲ့ကိုသာ ဖိတ် ခေါ်ခြင်းလား သေချာ မသိရသေးဘဲ ဖြစ်နေသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူများက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ် မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ် သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန်ပအဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့က ဆွေး နွေးညှိနှိုင်း နေဆဲ အဖွဲ့အစည်းများ ဖြစ်ကြသည်။

ထို့နောက် ဇိုမီးပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်(ZRO/ZRA)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ နာဂအမျိုးသားဆို ရှယ်လစ်ကောင်စီ(NSCN-K)၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ကချင်အမျိုးသားအစည်းအရုံး(KNO)၊ ကူကီးအမျိုး သား အစည်းအရုံး(KNO) တို့မှာ လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွင်း ပါဝင်နိုင်ခြင်း မရှိသေးပေ။