CNI News

၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၄

NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်နေခြင်းက တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို မည်မျှအလေးထားကြောင်း ဖော်ပြနေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား သို့ တက်ရောက် မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောသွားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ပြီး နိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွင်း၌ ချမှတ်ထားသည့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟူသည့် အချက်သည် တပ် မတော် အနေဖြင့် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်လာပါက ငြိမ်းချမ်းရေးကို မည်မျှအလေးထားသည်ကို ဖော်ပြနေခြင်းပင် ဖြစ်တယ်”ဟု ပြောသည်။

အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ကောင်းမွန် စွာ လုပ်ကိုင်စားသောက် လိုသူများ ပင်ဖြစ်ကြကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုလုံခြုံအောင် ကာကွယ်ပြီး ပြည်သူ များ စိတ်အေးချမ်းသာစွာနေနိုင်ရေး စောင့်ရှောက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့ကို အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေခြင်းသည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခြင်းပင် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထို့နောက် သက်ဆိုင်သူ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း၊ NCA တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင် လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌက နှစ်သစ်ကူး မိန့်ခွန်းမှာလည်း ထည့်သွင်းပြောထားသည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့သည် တပ်မတော်က အရပ်သား အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူထားခြင်းကြောင့် နိုင်ငံရေးဆွေးနွေးမှုများကို တစ်နှစ် ယာယီရပ်ဆိုင်းကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာထားသည်။

NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ် မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန်ပအဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့က ဆွေးနွေးညှိနှိုင်း နေဆဲ အဖွဲ့အစည်းများ ဖြစ်ကြသည်။

အဆိုပါ လက်နက်ကိုင်များထဲမှ KNU နှင့် တပ်မတော်ကြား လည်းကောင်း၊ CNF နှင့် တပ်မတော်ကြားလည်းကောင်း၊ MNDAA နှင့် တပ်မတော်ကြားလည်းကောင်း၊ KIA နှင့် တပ်မတော်ကြားလည်းကောင်း ကရင်၊ ချင်း၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များ အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။