၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄

၂၀၂၃ ခုနှစ်တွင် နစကမှ ဦးဆောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မျှတသည့် ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၄ ရက်)ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် အထက်ပါအတိုင်း ၎င်းက ထည့် သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလ “စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြန်လည်ဆွဲဆောင် ဖြားယောင်းနေတာ ဖြစ်ပါတယ်။ စစ် အုပ်စုက ဦးဆောင်တဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ဆန္ဒကို ထင်ဟပ်စေမှာ မဟုတ်သလို၊ မျှတတဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်တုန်းကမှ မူမမှန်တဲ့ စစ်အုပ်စုကို ယုံစားခြင်းဟာ ပြည်သူ့တော်လှန်ရေး ခြေလှမ်းကို တွန့်ဆုတ်စေမှာပဲ အဖတ်တင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပေးသွားမည်ဟု ကတိပြုကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရ သည့်ပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ထို့နောက် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် အမြဲ တမ်း ဖိတ်ခေါ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအခါတွင် ညှိနှိုင်းမှုများကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများ တိုး တက်ရရှိမည်ဟု မျှော်လင့်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်မှုမှာ နစကအနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာအရေးများတွင် အရေးနိမ့်နေ၍ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၎င်းက “ပြီးခဲ့သည့် နှစ်သစ်ကူးရက်မှ ဒီနှစ်ဟာ ငြိမ်းချမ်းရေး ခြေလှမ်းသစ်များ စမယ့်အကြောင်း သက်ဆိုသူ အဖွဲ့အစည်း အား လုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ကြောင်း စစ်ခေါင်းဆောင်က ပြောတယ်ဆိုတဲ့ သတင်းတစ်ပုဒ် တွေ့ ရပါတယ်။ တကယ်တော့ စစ်အာဏာသိမ်းမှုဟာ နိုင်ငံရဲ့ ငြိမ်း ချမ်းရေး မျှော်လင့်ချက်ကို ရိုက်ချိုးဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလည်း ဖျက်ဆီး၊ တိုင်းပြည် အနာဂတ်ကိုလည်း ဖျက်ဆီးထားတဲ့ စစ်အုပ်စုဟာ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာ အရေး အဖက်ဖက်မှ အရေးနိမ့်နေပြီဆိုမှ အခုလို တွေ့ဆုံဆွေးနွေးဖို့ သတင်းထုတ်လွှင့်တယ်ဆိုတော့ နိုင်ငံရေးအတွက် ထွက် ပေါက်ရှာဖို့၊ အချိန်ဆွဲဖို့ နိုင်ငံတကာကို လှည့်ဖြားဖို့ တော်လှန်ရေး အင်အားစုများအကြား အာရုံထွေဖြားဝေဝါးစေဖို့ ရည်ရွယ် ချက်က လွဲလို့ အခြားအကြောင်း မရှိပါဘူး”ဟု ပြောသည်။

လက်ရှိတွင် နစက-က လာမည့် ရွေးကောက်ပွဲ၌ အနိုင်ရသူ အကုန်ယူသည့်စနစ် (FPTP)စနစ်အစား အချိုးကျကိုယ်စားပြု စနစ်(PR)ဖြင့် ပြောင်းလဲ ကျင်းသုံးနိုင်ရေး နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)တို့ ဆွေးနွေး လျက်ရှိနေကြသည်။