CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄

ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့် အတူ တိုင်းရင်းသားပြည်သူများ ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နစကဥက္ကဋ္ဌ ပေးပို့သည် သဝဏ်လွှာထဲမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်အကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ် ကို အခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွားတိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည် မှုများဖြင့် တည်ဆောက်ပေးကြရမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်း ဖော် ဆောင်ရယူ၍ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ထိုသို့ ဆောင်ရွက်ရာ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းမှန်ပေါ်တွင် ဆက် လက် ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးက တစ်သွေးတည်း၊ တစ်သားတည်း ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြပါသည်”ဟု ပြောသည်။

ထို့နောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီ များ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး တက်ညီလက်ညီပူးပေါင်းပါဝင်၍ ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ် လုပ်မှု လုပ်ငန်းတို့အား အားတက်သရော ဆောင်ရွက်နိုင်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုများ မလွဲမသွေရရှိခံစားနိုင်မည်ဖြစ်ပါသည်ဟု ၎င်း က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ကျင့်သုံးနေသည့်/ ကျင့်သုံး ရန် ရည်မှန်းထားသည့် နိုင်ငံရေးစနစ်နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေးယဉ်ကျေးမှုတို့ (Political Culture)သဟဇာတဖြစ်ရန် လိုအပ် ပါသည်။ မြန်မာနိုင်ငံ၏ ကျင့်သုံးနေသည့်/ကျင့်သုံးရန်ရည်မှန်းထားသည့် နိုင်ငံရေးစနစ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီ စုံ ဒီမိုကရေစီစနစ် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်း အလို က် နိုင်ငံရေးအသိအမြင်များ အားကောင်းရန် လိုအပ်ပါသည်”ဟု ပြောသည်။

ထို့နောက် အားလုံးပါဝင်နိုင်သော ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင်သော နိုင်ငံရေးစနစ် တည်ဆောက်မှု လိုအပ်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ကိုလိုနီခေတ်က ၎င်းတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြား၍ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်း တူ မျက်မှောက်ကာလ၌လည်း ခေတ်သစ်ကိုလိုနီဝါဒီများက ညီနောင်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ၍ မြန်မာနိုင်ငံကို ၎င်းတို့လိုသလို ချယ်လှယ်ခွင့်ရရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် မိမိတို့အနေဖြင့် အယူအဆ၊ အယူဝါဒပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များ၊ သွေးကွဲမှုများ ချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်ဟု ၎င်းက ပြောသည်။