ဘဂ္ဂဒက်၊ ဇန်နဝါရီ ၄

ဘဂ္ဂဒက်မြို့နိုင်ငံတကာလေဆိပ်အနီးရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို လက်ခံထားသော အီရတ် စစ်အခြေစိုက် စခန်းဝန်း ကျင်သို့ ပစ်မှတ်ထား ရောက်ရှိလာသည့် လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ် (ဒရုန်း)နှစ်စင်းကို တုံ့ပြန် ဖျက်ဆီးနိုင်ခဲ့ကြောင်း အီရတ်လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားသည်ဟု ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြ သည်။

အီရန်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ လုပ်ကြံခံရမှု နှစ်ပတ်လည်နေ့အဖြစ်  အီရတ်နိုင်ငံရှိ အီရန်နှင့်၎င်း၏ မဟာမိတ် များ လှုပ်လှုပ်ခတ်ခတ် ရှိနေစဉ်အတွင်း ယခုကဲ့သို့ တိုက် ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ရိုက်တာက ဆက်လက်ရေးသားသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက်လေဆိပ်အနီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်အရ ပစ်လွှတ်လိုက် သည့် ဒရုန်းကြောင့် ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးခဲ့သည်။

ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရတ်မြေပေါ်ရှိ အမေရိကန်ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “မိမိတို့အခြေစိုက်စခန်း၏ လေကြောင်းကာကွယ် ရေးစနစ်ထဲသို့ မောင်းသူမဲ့လေယာဉ် (ဒရုန်း) နှစ်စင်း ဝင်ရောက် လာခဲ့ကြောင်း၊ ယင်း ဒရုန်းနှစ်စင်းကို ပြန်လည်ပစ်ချ၍ ဖျက်ဆီးနိုင်ခဲ့သည်”ဟု ပြောကြားခဲ့သည်။

“ဒါဟာ အရပ်သားလေဆိပ်ကို အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုပဲဖြစ်ပါတယ်” ဟု အဆိုပါ ညွန့်ပေါင်းတပ်တာဝန်ရှိသူက အကျဉ်း ချုပ် ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ပုံ-အီရတ်က အမေရိကန်စစ်စခန်းကို တိုက်ခိုက်လာသည့် ဒရုန်းကိုတွေ့ရစဉ်။(Reuters)

ယခု ဒရုန်းဖြင့် အတိုက်ခံရခြင်းအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ရှိကြောင်း လတ်တလော ထုတ်ဖော်ပြောကြားခြင်း မရှိ သေးပေ။

ညွန့်ပေါင်းတပ် တာဝန်ရှိသူက ထုတ်ပြသည့် ဗီဒီယိုဖိုင်ထဲတွင် ယခုတိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော ဒရုန်းနှစ်စင်းပုံကို တွေ့ရှိရပြီး ဒရုန်းတစ်စင်း၏ အတောင်ပံပေါ်တွင် “ဆိုလေမန်နီအတွက် လက်စားချေခြင်း” ဟု ရေးသားထားသည်။

၂၀၂၀ ပြည့်နှစ်က ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်ဒရုန်းဖြင့် လုပ်ကြံမှုကြောင့် အီရန်၏ထိပ်တန်း Quds တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆိုလေမာနီနှင့် အီရတ်ရှိ အီရန်ကျော ထောက်နောက်ခံ ပြည်သူ့စစ်များ၏ လက်ထောက်တပ်မှူး အဘူမာဒီ အယ်လ်မူဟန်ဒစ်တို့ သေဆုံးခဲ့မှုဖြစ်စဉ် ရှိခဲ့သည်။

ဆိုလေမာနီ သေဆုံးမှု နှစ်ပတ်လည်နေ့တွင် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များကို ထောက်ခံသူ ရာနှင့်ချီ၍ ဇန်နဝါရီ ၂ ရက်၌ ဘဂ္ဂဒက်လေဆိပ်တွင် စုဝေးကာ အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

Source: Reuters