ဘိုဂိုတာ၊ ဇန်နဝါရီ ၄

ကိုလံဘီယာနှင့် ဗင်နီဇွဲလား နှစ်နိုင်ငံနယ်စပ်အနီး ကိုလံဘီယာသူပုန်အဖွဲ့များအကြား ပြင်းထန်သည့် တိုက်ပွဲ များကြောင့် အနည်းဆုံး လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း ကိုလံဘီယာ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာသူများက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ကိုလံဘီယာနိုင်ငံ၏အရှေ့ပိုင်း အာရာအူကာဒေသ (Arauca) တွင် ဇန်နဝါရီ ၂ ရက်၌ သေဆုံးခဲ့သူအများစုမှာ ကိုလံဘီယာတော်လှန်ရေးတပ်ဖွဲ့ (FARC) အတိုက်အခံများနှင့် အမျိုး သားလွတ်မြောက်ရေးတပ် (ELN) မှ တပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း သတင်းရင်းမြစ်များက အယ်လ်ဂျာဇီးယားသို့ ပြောသည်။

နိုင်ငံအတွင်း ဆယ်စုနှစ် ၅ ခုကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် အတိုက်အခံများ လက်နက် ပြန်လည်ပေးအပ်ရေးတို့အတွက် ၂၀၁၈ ခုနှစ်အထိ ကြေညာချက်များ အကြိမ်ကြိမ် ရှိခဲ့သော်လည်း FARC တပ်ဖွဲ့ဝင်အချို့ကတော့ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပယ်ချခဲ့ကြသည်။ ELN အဖွဲ့သည် ကိုလံဘီယာ၏ အင်အားအကြီးမားဆုံးနှင့် နောက်ဆုံးလက်ကျန် လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သည်။

ဇန်နဝါရီ ၂ ရက် နှောင်းပိုင်းက ကိုလံဘီယာလူ့အခွင့်အရေးစောင့်ကြည့်စစ်ဆေးရေးမှူးရုံးက ထုတ်ပြန်ချက် တစ်စောင် ထွက်ရှိခဲ့ရာတွင် “ အရပ်သားလူထုကို အန္တရာယ်ဖြစ်စေသည့် တရားမဝင်လက်နက်ကိုင်အဖွဲ့များ အကြား ထိပ်တိုက်ရင်ဆိုင်မှုများသည် အာရာအူကာဒေသတဝိုက် လက်နက်ကိုင်ပဋိပက္ခများ တိုးလာ၍ စိုးရိမ် မကင်းဖြစ်မိကြောင်း” ရေးသားထားသည်။

၂၀၂၁ ခုနှစ်အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ တိုးလာနေသော နယ်စပ်ဒေသရှိ အရပ်သားများကို အကာအကွယ်ပေးရန် ဒေသန္တရအာဏာပိုင်များကို တောင်းဆိုခဲ့ကြောင်း အဆိုပါရုံးက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

“လူသတ်မှုများ၊ ခြိမ်းခြောက်မှုများ၊ တရားမဝင်ဖမ်းဆီးခံရမှုများ၊ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းနေထိုင်ရမှုများ ရှိနေကြောင်း၊ အထူးသဖြင့် ထိမ်း၊ ဖော်တယ်၊ ဆာရာဗီနာနှင့် အာရာအူကွာတာဒေသတို့ရှိ နယ်ခြားစည်ပင်သာယာ နယ်နမိတ်များအတွင်း အတင်းအကျပ် ရွှေ့ပြောင်းခံရနိုင်ခြေများ ကြားသိနေရကြောင်း” အဆိုပါ ထုတ်ပြန်ချက် ထဲတွင် ဆက်လက်ပြောကြားထားသည်။

ကိုလံဘီယာသမ္မတရုံးက ဇန်နဝါရီ ၂ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
အာရာအူကာဒေသ လူ့အခွင့်အရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေသော အစိုးရအရာရှိတစ်ဦးဖြစ်သူ ဂျူယန်ကားလို့စ်ဗယ်လိက်က “သေဆုံးသူအရေအတွက်မှာ ၅၀ အထိ တိုးလာနိုင်ကြောင်း” ဇန်နဝါရီ ၃ ရက် နံနက်ပိုင်း၌ ဒေသတွင်းမီဒီယာဖြစ်သည့် W ရေဒီယိုအသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။