ဘဂ္ဂဒက်၊ ဇန်နဝါရီ ၆

အီရတ်နိုင်ငံအနောက်ပိုင်း၊ အန်ဘာပြည်နယ်နှင့် ဘဂ္ဂဒက်မြို့တော်တို့တွင် အမေရိကန်တပ်ဖွဲ့ဝင်များကို လက်ခံထားသည့် အီရတ်စစ်အခြေစိုက်စခန်းများကို ဇန်နဝါရီ ၅ ရက်က ကက်ယူရှာ (Katyusha) ဒုံးကျည်များ ထိမှန်ခဲ့သည်။ အလားတူ ဆီးရီးယားနိုင်ငံတွင်လည်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ရှိနေသည့် စစ်အခြေစိုက်စခန်းတစ်ခုအတွင်းသို့ သွယ်ဝိုက်ပစ်ခတ်မှု ၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း အီရတ်နှင့် အမေရိကန်စစ်ဘက်တို့က ပြောကြားသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

လွန်ခဲ့သော နှစ်နှစ်က ဘဂ္ဂဒက်မြို့တွင် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီသေဆုံးခဲ့သည့် နှစ်ပတ်လည် နေ့ဖြစ်သော ဇန်နဝါရီ ၃ ရက်၌ စတင်ခဲ့သည့် အမေရိကန်အပေါ် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ရှိခဲ့ရာ ၃ ကြိမ် စလုံး အသေအပျောက်မရှိကြောင်း သိရသည်။

အနောက်ပိုင်း အန်ဘာပြည်နယ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် အီရတ်စစ်အခြေစိုက်ခန်းကို ဇန်နဝါရီ ၅ ရက် ညနေပိုင်းက ကက်ယူရှာဒုံးကျည် ၅ စင်း ထိမှန်ခဲ့ကြောင်း အီရတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ အခြား ဒုံးကျည် ၃ စင်းလည်း အဆိုပါအခြေစိုက်စခန်း၏ အပြင်ဘက်သို့ ကျရောက်ခဲ့သည်။ စခန်းအတွင်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များကို လုံခြုံစိတ်ချရသော အမိုးအကာများဖြင့် ထားရှိကြောင်း အမည်မဖော်လိုသူ ၎င်းအီရတ်တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

အစ္စလာမ္မစ်နိုင်ငံတော်(အိုင်အက်စ်)အုပ်စုကို အီရတ်နိုင်ငံအတွင်း တိုက်ခိုက်ရာတွင် အထောက်အကူပြုပေးနေ သည့် အဆိုပါညွန့်ပေါင်းတပ်ဖွဲ့ထံမှ သဘောထားမှတ်ချက် တစုံတရာ မထွက်ပေါ်လာသေးပေ။

အီရတ်နိုင်ငံတွင် ယခင်မကြားဖူးသော အုပ်စုတစ်စုဖြစ်သည့် အိမ်းအယ်အာဆတ်အဖွဲ့က ယခုတိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဖွဲ့၏ အမည်အား ကွပ်ဆမ်အယ်လ်ဂျာဘရာယန်ဟု ၎င်းတို့ဘာသာအမည်ပေးထားသည်။

အဆိုပါအဖွဲ့က အမေရိကန်တပ်ဖွဲ့ဝင်များ အပြည့်အဝ ဆုတ်ခွာသွားသည်အထိ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု အွန်လိုင်းပို့စ်တင်၍ အခိုင်အမာပြောကြားထားသည်။

ဆိုလေမာနီ သေဆုံးပြီးကတည်းက အီရတ်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံ ပြည်သူ့စစ်များသည် ဖရိုဖရဲနှင့် သဘောထားကွဲလွဲမှုများ ရှိလာသော်လည်း လေ့လာသုံးသပ်သူအချို့ကတော့ ယင်းပြည်သူ့စစ်များသည် ၎င်းတို့ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန် အမည်အမျိုးမျိုးခံယူ၍ တိုက်ခိုက်မှုပြုလုပ်ဖို့ ခွဲထွက်နေကြသည်ဟု ပြောကြ သည်။

ဆီးရီးယားနိုင်ငံ၏အရှေ့ပိုင်းတွင် ပစ်ခတ်မှုများရှိခဲ့ရာ အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်ညွန့်ပေါင်းတပ်ဖွဲ့များ လှုပ်ရှားနေသည့် အခြေစိုက်စခန်းတစ်ခုကို အင်အားအနည်းငယ်ဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ညွန့်ပေါင်းတပ်ဖွဲ့၏ ကြေညာချက်အရ အနည်းငယ်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရသည်။

Source: AP