၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က သက်ဆိုင်သူ အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်း သည် NCA မဟုတ်သည့် ပုံစံအသစ်ဖြစ်နိုင်ကြောင်း လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁ ရက်နေ့က နှစ်သစ်ကူး မိန့်ခွန်းမှာ ငြိမ်းချမ်းရေးကို ပုံစံအသစ်နှင့် စရမည်ဟု ထည့်သွင်း ပြောသွားခဲ့သည်။
၎င်းက “ ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ စတုတ္ထအချက် ထဲမှာလည်း ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဖိတ်ခေါ် ကမ်းလှမ်းချက်သည် NCA ဆိုသည့် စကားများ မပါဝင်ခြင်းကြောင့် NCA အပေါ် အခြေတည်ခြင်းမဟုတ် ဘဲ ပုံစံအသစ်ကို ကမ်းလှမ်းခြင်းဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
၎င်းက “ကမ်းလှမ်းမှုကတော့ ကျနော်ထင်တယ်၊ NCA အပေါ်မှာ အခြေတည်တယ်လို့တော့ မထင်ဘူး၊ ပုံစံအသစ်လို့ ထင် တယ်။ ဘာကြောင့်လဲဆိုတော့ ကမ်းလှမ်းတဲ့အထဲမှာ NCA ဆိုတဲ့စကားတွေ ဘာတွေ မပါဘူး၊ အသုံးအ နှုန်းတွေ မပါဘူး။ အဲဒါတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကတော့ ဒါကတော့ မူဝါဒချတာကို ခေါင်းဆောင် အနေနဲ့ ဒါပေမယ့် နောက်ဆက်တွဲ တွေ တော့ လိုမယ်။ ဥပမာ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချင်းဆိုပြီး တော့ စာထုတ်တယ်။ ထုတ်ပြီးနောက်ပိုင်းမှာ သမ္မတကြီးက ဆွေးနွေးမယ့်အဖွဲ့ ဦးအောင်မင်းအဖွဲ့ကို ဖွဲ့ပေးတယ်။ ဦးအောင် သောင်းအဖွဲ့ကို ဖွဲ့ပေးတယ်။ ပြီးတော့ ပြည်နယ် အဆင့်ဆိုရင် ဘာတွေလုပ်မယ်၊ ပြည်ထောင်စုအဆင့် ဆိုရင် ဘာတွေ ဆွေးနွေး။ အဲဒီလို စသည်ဖြင့်ပေါ့ အဆင့်ဆင့်ပါလာတယ်။ ဆွေးနွေးတဲ့အသေးစိတ်တွေပေါ့ အခုက ငြိမ်းချမ်းရေး ဆွေးနွေး ချင်တယ်ဆိုတာပဲ ပါပြီးတော့ ဘယ်သူက ဆက်သွယ်ပြီးတော့ တာဝန်ခံပြီးတော့ အစပျိုးမလဲပေါ့ဗျာ ၊ နောက်ပြီးတော့ ဘယ်အကြောင်းအရာကို စောင်းပေးပြီးတော့ ဖိတ်ခေါ်ဆွေးနွေးတယ်ဆိုတာမျိုး နောက်ထက် လိုက်ပါလာ ဖို့လိုတယ်လို့ ကျနော်တော့ ထင်တယ်”ဟု CNI သို့ ပြောသည်။
ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဉီးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကျင်းပနေစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည် စည်ပင်သာယာဝပြောရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ် ထွန်းလာစေရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါသည်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောသွားခဲ့သည်။
နစကသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ကို ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ် မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ဖြစ်သည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့က ညှိနှိုင်းဆွေးနွေး နေဆဲ အဖွဲ့အစည်းများ ဖြစ်ကြသည်။