ဝါရှင်တန်၊ ဇန်နဝါရီ ၃
အကယ်၍ ရုရှားသည် အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့ပါက ဝါရှင်တန်နှင့် မဟာမိတ်များက ပြတ်ပြတ်သားသား တုံ့ပြန် မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဇာလန်းစကီးကို ဇန်နဝါရီ ၂ ရက်တွင် အာမခံခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ရုရှားတပ်ဖွဲ့ဝင်အင်အား ၁ သိန်းချထားသည့် ယူကရိန်းနယ်စပ်တွင် တင်းမာမှုများရှိနေစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဘိုင်ဒန်တို့ တစ်လအတွင်း ဒုတိယအကြိမ် တယ်လီဖုန်းဖြင့် ဆွေးနွေးကြပြီးနောက်ပိုင်း ရက်ပိုင်းအကြာ ယခုကဲ့သို့ ဘိုင်ဒန်က ဇာလန်းစကီးကို တယ်လီဖုန်းလိုင်းပေါ်မှတဆင့် အာမခံစကား ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရုရှားက ယူကရိန်းကို ထပ်ပြီး ကျူးကျော်မယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေက ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ သမ္မတ ဘိုင်ဒန်က အတိအလင်းပြောကြားခဲ့ပါတယ်” ဟု ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းခေါ်ဆိုမှုအပြီးတွင် အိမ်ဖြူတော်ပြောခွင့်ရသူ ဂျန်ဆာကီက ရှင်းပြသည်။
ပုံ-ယူကရိန်းတပ်ကိုတွေ့ရစဉ်။(Reuter)
အမေရိကန်ပြည်ထောင်၏ မယိမ်းယိုင်သော ပံ့ပိုးကူညီမှုကို ကျေးဇူးကြောင်းနှင့် ယခုဖုန်းခေါ်ဆိုမှုသည် နှစ်နိုင်ငံဆက်ဆံရေး ၏ အထူးသီးသန့် သဘောသဘာဝကို သက်သေပြရာရောက်ကြောင်း တွစ်တာလူမှုကွန်ရက်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီးက ရေးသားခဲ့သည်။
ယူကရိန်း အကျပ်အတည်းကို ဆွေးနွေးရန်အတွက် အမေရိကန်နှင့်ရုရှားတို့မှ အဆင့်မြင့်အရာရှိများ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ မြို့တွင် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့၌ အစည်း အဝေး ထိုင်ကြမည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ရုရှား-နေတိုးကောင်စီ ဆွေးနွေးပွဲ အပြင် ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့လည်း ကျင်းပရန် စီစဉ်ထားသည်။
ထိုအစည်းအဝေးများမတိုင်မီ ယခုအကျပ်အတည်းကို ဖြေလျော့ဖို့ ခြေလှမ်းများ စတင်ရန် ရုရှားအတွက် အရေးကြီးကြောင်း ပူတင်ကို ဘိုင်ဒန်က ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။
ပူတင်နှင့် ဖုန်းပြောရာ၌ ဘိုင်ဒန်က “ကျနော် ဒီမှာ အများသိအောင် ညှိနှိုင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကို ယူကရိန်းဘက် မကျူးကျော်ဖို့ အခိုင်အမာ ပြောထားပြီးပါပြီ” ဟု ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၃၁ ရက်၌ အိမ်ဖြူတော် သတင်း ထုတ်ပြန် ချက်၌ ဖော်ပြပြီးဖြစ်သည်။
ပုံ-ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်။(AP)
ယူကရိန်းကို ကျူးကျော်လာလျှင် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)မဟာမိတ်များနှင့်အတူ ဥရောပတွင် မိမိတို့ ရပ်တည်ချက်ကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သမ္မတ ဘိုင်ဒန်က အတိအလင်း ပြောကြားခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံချမှတ်ခြင်းသည် နိုင်ငံအချင်းချင်း ဆက်ဆံရေး လုံးဝ ပြတ်တောက်သွားနိုင်ပြီး ရုရှားနှင့် အနောက် အုပ်စု ဆက်ဆံရေး ဆိုးဆိုးရွားရွား ပျက်စီးသွားနိုင်ကြောင်း ပူတင်၏ နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်က ယခင်သီတင်းပတ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှားသည် ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ထိုနှစ်၌ပင် ယူကရိန်းနိုင်ငံ၏ အရှေ့ခြမ်းတွင် ရုရှားလိုလား သော ခွဲထွက်ရေးစစ်ပွဲ ဖန်တီးခဲ့သည်ဟု အစွပ်စွဲခံခဲ့ရသည်။
Source: Aljazeera