CNI International News

ကိပ်တောင်း၊ ဇန်နဝါရီ ၃

တောင်အာဖရိကနိုင်ငံရှိ သက်တမ်း ၁၃၈ နှစ်ကြာမြင့်ပြီဖြစ်သော လွှတ်တော်အဆောက်အအုံတွင် ဇန်နဝါရီ ၂ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ရုံးခန်းများ မီးသင့်ပျက်စီးခဲ့ပြီး နိုင်ငံ ၏အရေးကြီး သမိုင်းဖြစ်ရပ်များ ဆောင်ရွက် ခဲ့သော နေရာတစ်နေရာရှိ မျက်နှာကြက်အချို့ ပြိုကျခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

မီးသတ်သမားများ မီးငြိမ်းသတ်ရန် ကြိုးစားနေရင်းကပင် ကိပ်တောင်းမြို့ကောင်းကင်ယံတွင် နက်မှောင်နေသော မီးခိုးလုံးနှင့် လိမ္မော်ရောင် မီးတောက်များ တဟုန်ထိုး တက်လာခဲ့သည်။

နံနက်အစောပိုင်းက မီးစတင်လောင်ကျွမ်းခဲ့ရာ နာရီပိုင်းအကြာအထိ မီးသတ်သမား ၇၀ ခန့်ဖြင့် ဆက်လက် ငြိမ်း သတ်ခဲ့ရကြောင်း ကိပ်တောင်းမြို့၊ မီးသတ်နှင့်ကယ်ဆယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျာမိန်းကာရီ လက်စ် က ပြောသည်။ မီးသတ်သမားအချို့သည် မီးလောင်နေသည့်အပေါ်မှ ရေများဖျန်းချနိုင်ရန် ကရိန်းပေါ်သို့ တက် ရောက်၍ ကြိုးစားငြိမ်းသတ်နေခဲ့ကြသည်။ လွှတ်တော်အားလပ်ရက်ဖြစ်၍ အဆောက်အအုံပိတ်ထားခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

“မီးလောင်မှုနှင့်ဆက်စပ်၍ လူတစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားကြောင်း” အခင်းဖြစ်ပွားရာသို့ သွား‌ရောက် ကြည့်ရှုခဲ့သည့် တောင်အာဖရိက သမ္မတ စီရေးရမ်မာဖိုဆာ (Cyril Ramaphosa) က ပြောကြားခဲ့သည်။ ဖမ်းဆီးခံ ရသူမှာ အသက် ၅၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ခမ်းနားထည်ဝါသော ဝင်ပေါက်တိုင်လုံးကြီးများနှင့် သမိုင်းဝင်အဖြူရောင်အဆောက်အအုံခေါင်မိုးမှ မီးခိုးများ ထွက်နေချိန်၌ “အခု မီးလောင်တာက အမျိုးသားလွှတ်တော်အခန်းတွေမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ရေးရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အမျိုးသမီးဝန်ကြီး ပါထရီစီယာဒီလိုင်လီ (Patricia de Lille) က သတင်းထောက် များကို ပြောသည်။

Photo - AP

“ဒီနေ့ဟာ ဒီမိုကရေစီအတွက် အင်မတန်ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ လွှတ်တော်ဟာ ကျမတို့ ဒီမိုကရေစီရဲ့ နေအိမ်ပါပဲ။ ကျမတို့ လွှတ်တော်အဆောက်အအုံထဲ မီးမထိန်းနိုင်ခဲ့ပါဘူး။ မျက်နှာကြက်တွေ တော်တော်များများ ပြိုကျကုန်တယ်” ဟု ၎င်းက ဆက်ပြောသည်။

၁၈၈၄ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် မူလ တောင်အာဖရိကလွှတ်တော်အဆောက်အအုံဟောင်းမှ မီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သက်တမ်းကြာပြီဖြစ်သော်လည်း ယနေ့အထိ ရုံးခန်းများမှာ အသုံးပြု၍ ရသေး ကြောင်း တောင်အာဖရိကတာဝန်ရှိသူများ ပြောကြားခဲ့ကြသည်။ ၎င်းပရဝဏ်တွင် ၁၉၈၀ ပြည့်လွန်နှစ်များက အမျိုးသားလွှတ်တော်အဖြစ် တိုးချဲ့ခဲ့သည်။

အဆောက်အအုံနှစ်ခုစလုံး ပြိုကျနိုင်သည့် အန္တရာယ်ရှိနေကြောင်း မီးသတ်နှင့်ကယ်ဆယ်ရေးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဂျာမိန်းကာရီလက်စ်က ဖြည့်စွက်ပြောကြားခဲ့သည်။

လွှတ်တော်အဆောက်အအုံဟောင်းသည် တောင်အာဖရိက၏ ကိုလိုနီခေတ်နှင့် အသားအရောင်ခွဲခြားမှုသမိုင်းနှင့် နီးကပ်စွာ ရှိနေခဲ့ဖူးသလို ၂၀ ရာစု၌ တိုးချဲ့တည်ဆောက်ခဲ့သော အမျိုးသားလွှတ်တော် အဆောက်အအုံမှာလည်း အစဉ်အလာကြီးမားခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် လူဖြူသမ္မတဟောင်း အက်ဖ်ဒဗလျူဒီကလပ် (FW de Klerk) က အမျိုးသားလွှတ်တော်မျက်နှာစာတွင် မတ်တပ်ရပ်ကာ “နယ်လ်ဆင်မင်ဒဲလားကို ထောင်မှ လွှတ်ပေးပြီး အသား အရောင်ခွဲခြားမှု အဆုံးသတ်ကြောင်း” ကြေညာခဲ့သည်။

Source: AP