လန်ဒန်၊ ဇန်နဝါရီ ၃
ဘုရင်မကြီး အဲလိဇဘက်က ယခုနှစ်ဆန်းပိုင်း သူရဲကောင်းမှတ်တမ်းဝင် ဂုဏ်ပြုစာရင်း ထုတ်ပြန်ခဲ့ရာတွင် ဗြိတိန်ဝန်ကြီးချုပ် ဟောင်း တိုနီဘလဲ အမည်စာရင်း ပါဝင်ခဲ့ခြင်းကြောင်း ၎င်းအပေါ် သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းမှ ဖယ်ရှားပေးရန် အွန်လိုင်းသုံးစွဲ သူ ၃ သိန်းကျော် စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြကြောင်း rt.com တွင် သတင်းဖော်ပြထား သည်။
တိုနီဘလဲသည် စစ်ရာဇတ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း တောင်းဆိုထားသူများက ပြောကြသည်။
တိုနီဘလဲအပေါ် သူရဲကောင်းဘွဲ့ပေးပြီး တစ်ရက်အကြာ လက်မှတ်ပေါင်း ၃၁၈,၀၀၀ ကျော်တို့က ဘုရင်မကြီး၏ အမိန့်ကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြသည်။ Change.org ဝက်ဘ်မှ လွှင့်တင်ထားသော တောင်းဆိုမှု အသနားခံစာအောက်တွင် အဆိုပါလက်မှတ်များကို တွေ့ရှိရသည်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အာဏာရှိနေစဉ် နိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်တွင်း လူ့အဖွဲ့အစည်းအပေါ် ပြန် လည်ပြုပြင်မရသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ယခု အသနားခံစာ ဦးဆောင်ရေးသား တင်သွင်းသူ အန်ဂက်စကော့ (Angus Scott) က စောဒကတက်ထားသည်။
တိုနီဘလဲသည် ဗြိတိန်နိုင်ငံကို အမျိုးမျိုးသော ပဋိပက္ခများထဲ ဆွဲသွင်းခြင်းအားဖြင့် မရေမတွက်နိုင်သည့် အပြစ်မဲ့ အရပ်သား များနှင့် စစ်မှုထမ်းများ၏ အသက်သွေးများအား စတေးခဲ့ကြောင်း အဆိုပါအသနားခံစာတွင် စွပ်စွဲထားသည်။
“ဒါကြောင့်မို့ အဲဒီစစ်ရာဇဝတ်မှုတွေအတွက် သူ တာဝန်ခံသင့်တယ်” ဟု အသနားခံစာထဲ ရေးသားထားသည်။
ပုံ- တိုနီဘလဲကိုတွေ့ရစဉ်။(AP)
ခေတ်အဆက်ဆက် ဗြိတိန်ဘုရင်များသည် ဝန်ကြီးချုပ်ဟောင်းများကို အဆင့်မြင့်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုလေ့ ရှိသည့် ထုံးတန်းစဉ်လာရှိသော်လည်း တိုနီဘလဲအပေါ် မရှုတ်ချရန် ဘာကင်ဟမ်နန်းတော်မှ ဆုံးဖြတ်လိုက်ခြင်းသည် ပြည်သူ များအကြား အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
တိုနီဘလဲသည် ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်မှုနှင့် ယင်းနောက် အာဖဂန်နစ္စတန်စစ်ပွဲတို့ကို အမေရိကန်ဦးဆောင်သော စည်းရုံးမှုနောက် လိုက်ပါခဲ့၍ ဗြိတိန်လူမျိုးများ မကျေမနပ်ဖြစ်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်တုန်းကလည်း ဗြိတိန်နိုင်ငံသား သုံးပုံတစ်ပုံတို့က တိုနီဘလဲကို အီရတ်ကျူးကျော်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ “လူထု အပေါ် သိလျက်နှင့် လှည့်ဖြားခြင်း” ကြောင့် စစ်ရာဇဝတ်သားအဖြစ် စီရင်သင့်ကြောင်း သဘောထားထုတ်ဖော်ခဲ့ကြသည်။
၂၀၀၃ ခုနှစ်တွင် အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်သည် လူအစုအလိုက် အပြုံလိုက် သေစေနိုင်သည့် လက်နက်များ ဆုတ် ကိုင်ထားကြောင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက အခိုင်အမာ စွပ်စွဲခဲ့ဖူးသည်။
တိုနီဘလဲသည် ဘုရင်မကြီး အဲလိဇဘက် ချီးမြှင့်သည့် ၂၀၂၂ ခုနှစ်၊ နှစ်သစ်ဂုဏ်ထူးဆောင် စာရင်းတွင် အမွန်မြတ်ဆုံး အမိန့် ဖြစ်သည့် Garter ဘွဲ့ ရရှိခဲ့သည်။ ၎င်းရရှိသော ဘွဲ့အမည်ကို ကြီးမားသော ဂုဏ်ကျက်သရေဟု တိုနီဘလဲက တုံ့ပြန်ခဲ့ပြီး ဘာကင်ဟမ်နန်းတော်ကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
Source: rt.com