ခါတွမ်၊ ဇန်နဝါရီ ၃

ဆူဒန်နိုင်ငံ၏ နုနယ်သေးငယ်လှသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အဟန့်အတားဖြစ်စေခဲ့သည့် စစ်အာဏာ သိမ်းမှုနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းများ ဆက်ရှိနေချိန်၌ ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒေါ့ ရာထူးမှ နှုတ် ထွက်သွားပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှောင်းပိုင်းက စစ်တပ်နှင့် နိုင်ငံရေးအရ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ဟမ်းဒေါ့က ယခုနှစ်ဆန်း ဇန်နဝါရီ ၂ ရက် ထုတ်လွှင့်ခဲ့သည့် ရုပ်သံမိန့်ခွန်းတွင် စားပွဲဝိုင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆူဒန်အသွင်ကူးပြောင်းရေးအစိုးရ၏ အရပ်ဘက်မျက်နှာစာအဖြစ် သတ်မှတ်ခံရပြီး ကုလသမဂ္ဂ အရာရှိဟောင်း လည်းဖြစ်ခဲ့သူ ဟမ်းဒေါ့သည် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပြီးခဲ့သည့်နိုဝင်ဘာလတွင် မူလရာထူးသို့ ပြန်လည်ခန့်အပ်ခံခဲ့ရသည်။ ထိုရာထူးပြန်လည်ခန့်အပ်မှုသည် စစ်တပ်အုပ်ချုပ်မှုအောက်၌ ရှိနေစဉ် လွတ်လပ် သောနိုင်ငံရေးနည်းလမ်းဖြင့် အရပ်သားအစိုးရ ထားရှိစေရေးအတွက် နိုင်ငံတကာဖိအားနှင့် ပြည်တွင်း တောင်းဆို ချက် ပြင်းထန်လာခြင်းကြောင့် ဆူဒန်စစ်တပ်က ဟမ်းဒေါ့နှင့်အပေးအယူလုပ်၍ ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါအပေးအယူလုပ်မှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုများက ပယ်ချခဲ့ပြီး အာဏာကို အသွင် ကူးပြောင်းရေး ဦးဆောင်နေသည့်အရပ်သားအစိုးရလက်ဝယ်သို့ အပြည့် အဝ လွှဲပြောင်းပေးရေး အခိုင်အမာ တောင်းဆိုနေခဲ့သည်။

Photo - AFP

အောက်တိုဘာ ၂၅ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲများအား ဆူဒန်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ရာ လူ ၂ ဦးထက်မနည်းသေဆုံးပြီးနောက် ယခု ကဲ့သို့ ဟမ်းဒေါ့ ရာထူးမှ နှုတ်ထွက်ရခြင်း ဖြစ်သည်ဟု ကျန်းမာရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့က ပြောသည်။

စစ်အာဏာသိမ်းမှုကို ရှုတ်ချရန် ခါတွမ်နှင့်နိုင်ငံတဝန်းရှိ အခြားမြို့များတွင် ထောင်နှင့်ချီသောပြည်သူများ လမ်းပေါ်ထွက်၍ ချီတက်ခဲ့ကြရာ ဝန်ကြီးချုပ်ကို ပြန်ခန့်ခဲ့သော်လည်း ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှုများက ဝန်ကြီးချုပ်နှင့်စစ်တပ်တို့အကြား နောက်ဆက်တွဲအပေးအယူလုပ်မှုကို အတိအလင်း ပယ်ချခဲ့ကြသည်။

ခါတွမ်မြို့တော် ဆန္ဒပြပွဲတစ်ခုအတွင်း သေဆုံးခဲ့သူတစ်ဦးမှာ ဦးခေါင်းကို ပြင်းထန်စွာ ထိမှန်ခဲ့ကြောင်း ဒီမိုကရေစီ  အရေးလှုပ်ရှားမှု၏ တစိတ်တပိုင်းဖြစ်သည့် ဆူဒန်ဆရာဝန်များဗဟိုကော်မတီ (CCSD) က ဇန်နဝါရီ ၂ ရက်တွင် ပြောသည်။

ခါတွမ်နှင့် အမြွှာမြို့ကြီးဖြစ်သည့် အွမ်ဒါမန်တွင်လည်း ဆန္ဒပြလူအုပ်အတွင်းသို့ ဒုတိယအကြိမ် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့၍ ဆန္ဒပြသူ ဆယ်ဂဏန်းခန့် ဒဏ်ရာရသွားခဲ့ကြောင်း၎င်းအဖွဲ့က ဆက်လက်ပြောကြား ခဲ့သည်။

 

Source: Aljazeera