CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂
တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
ယနေ့ (ဇန်နဝါရီ ၂ ရက်)ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် နစကဥက္ကဋ္ဌက ပေးပို့သော သဝဏ်လွှာထဲ မှာ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ တာဝန် ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်သော စိတ်ရင်းစေတနာ၊ ပြင်းပြသော ဆန္ဒတို့ဖြင့် တက်ညီ လက်ညီစုပေါင်း အကောင် အထည်ဖော်ကြရန် လိုအပ်ပါတယ်”ဟု ပြောသည်။
ထို့နောက် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်း သာယာဝပြောရေးတို့အတွက် အဓိကလိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ခိုင်မာရေးနှင့် နိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား အားလုံးနှင့်သက်ဆိုင်သူအားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက် ပေး ကြရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။
ပုံ-၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ထိုးကြစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရေး ကြိုးပမ်း အကောင် အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံ တော်ကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ခိုင်မာအားကောင်း လာစေရေးအတွက် အဓိက အခြေခံရမည့် အချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေး(၃)ပါးပင်ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ကြောင့် တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံးညီညွတ်သော စုပေါင်းအင်အားဖြင့် နိုင်ငံတော်ကို ဆက်လက် တည် ဆောက်သွားကြရန်တိုက်တွန်းလိုပါသည်ဟုလည်း ၎င်းက ပြောသည်။
နစကသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးရန် သက်ဆိုင်သူ အဖွဲ့အစည်း များကို ဖိတ်ခေါ် ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုက ရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ် မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ဖြစ်သည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန်ပအဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့က ညှိနှိုင်းဆွေးနွေး နေဆဲ အဖွဲ့အစည်းများ ဖြစ်ကြသည်။