CNI International News
ဘာလင်၊ ဒီဇင်ဘာ ၁၇
ဂျာမနီနိုင်ငံ ဘာလင် (Berlin) မြို့တွင် အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်များကြား ဆွေးနွေးမှုများသည် စစ်မှန်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အခွင့်အလမ်းကို ဖန်တီးရာရောက်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ် မားဇ် (Friedrich Merz)က ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့ပြင် ယူကရိန်းအတွက် ငြိမ်းချမ်းရေး အာမခံများ ကမ်းလှမ်းခဲ့ခြင်းကြောင့် အမေရိကန်ကို မားဇ်က ချီးကျူး ခဲ့သည်။
"အခုဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုအတွက် အခွင့်အရေး ရှိလာခဲ့ပါပြီ" ဟု မားဇ်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ဇာလန်းစကီးသည် ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အထူးကိုယ်စား လှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ၊ ထရမ့်၏ သားမက် ဂျရတ် ကူရှ်နာ (Jared Kushner) တို့နှင့် ဒုတိယ မြောက်နေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့သည်။
အမေရိကန်နဲ့ ယူကရိန်း ဆွေးနွေးကြစဉ်
ထိုဆွေးနွေးမှုများတွင် ထရမ့်၏ ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် အခြေခံပြီး ၂၀၂၂ ခုနှစ်က စတင်ခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီမှုတစ်ခု ရရှိရန် ရည်ရွယ်ခဲ့သည်။
ယူကရိန်းအတွက် အနာဂတ် လုံခြုံရေး အာမခံချက်များနှင့် ယူကရိန်း၏ နယ်မြေများ အလျှော့ပေးမှုကဲ့သို့ အဓိက မေးခွန်းများကို ဆွေးနွေးခဲ့သည့် ထိုဆွေးနွေးမှုများသည် စစ်မှန်သော တိုးတက်မှုတစ်ခုဖြစ်သည်ဟု ယူကရိန်းက ချီးကျူးခဲ့သည်။
မားဇ်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် အမေရိကန်နှင့် ဥရောပ၏ တရားဝင်မှုရှိသည့် ရုပ်ပိုင်း ဆိုင်ရာ လုံခြုံရေးအာမခံချက်များ ပါဝင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မားဇ်နှင့် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ပိုလန်၊ ဖင်လန်၊ နေတိုးနှင့် အီးယူ အကြီးအကဲများ အပါအဝင် ဥရောပ ခေါင်းဆောင်များသည် ယူကရိန်းကို ထောက်ခံကြောင်း ပြသမည့် နောက်ထပ် အစည်းအဝေးတစ်ခုကို တက်ရောက်မည်ဖြစ်သည်။
ထိုအစည်းအဝေးကို ဝစ်ကောဖ်နှင့် ကူရှ်နာတို့လည်း တက်ရောက်လိမ့်မည်ဟု မားဇ်က ပြောကြားခဲ့သည်။
Source: DW
