CNI News

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလနှင့်ဇနီးတို့၏ အိမ်ထောင်သက် နှစ်(၄၀)ပြည့် အထိမ်း အမှတ် သဝဏ်လွှာပေးပို့ခြင်းက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အနေဖြင့် NUG ကို ထောက်ခံသည့်သဘော ပြသော် လည်း ပူးပေါင်းမလားဆိုသည်မှာ မပြောနိုင်ဟု ရခိုင်နိုင်ငံရေးသမား လွှတ်တော်အမတ်ဟောင်း ဉီးဖေသန်းက ပြောသည်။

ULA/AA ဗဟိုကော်မတီသည် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဇနီးတို့ အိမ်ထောင်သက် နှစ်(၄၀)ပြည့် ပတ္တမြားရတု မင်္ဂလာ အထိမ်းအမှတ်နေ့အတွက် သဝဏ်လွှာ ပေးပို့ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအား ရယူနိုင်ပါစေကြောင်း ဒီဇင်ဘာ ၁၂ ရက်က ထည့်သွင်း ပြောကြားခဲ့သည်။

ဉီးဖေသန်းက “တစ်ဖက်မှာ သူ့အနေနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့မှာလည်း ပါဝင်နေတယ်ဆိုတော့ အဲ့ဘက်မှာကျတော့ သူ့ အနေနဲ့ စစ်ရေးအရရော၊ နိုင်ငံရေးအရ‌ရော တစ်မျိုး တစ်မည် လိုက်လျောညီထွေ သူတို့ဘက်က ကျင့်သုံးတာရှိတယ်။ အဲ့ အခြေအနေကို သုံးသပ်မယ်ဆိုရင် ဒါက NUG ကို မထောက်ခံတာ မဟုတ်ဘူး။ ကိုယ့်နယ်မြေမှာ ကိုယ့်ရဲ့ အခြေအနေကို ဦးစားပေးပြီးတော့ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါပေမယ့် အရင်တုန်းက NUG ကို ထောက်ခံတာတွေ အားပေးတာတွေ တော့ မလုပ်ခဲ့ဘူးပေါ့။ ဒီအချိန်မှာတော့ သူ့အနေနဲ့ အဲ့လို လုပ်ဆောင်လာတာ တွေ့ခြင်းအားဖြင့် ဒါက NUG ကို ထောက်ခံ တယ်ဆိုတဲ့ သဘောမျိုး ပြသလာတယ်ပေ့ါနော်။ အောင်မြင်ဖို့လည်း ဆုတောင်းလာတယ်ဆိုတော့ တစ်ဖက်က စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ အားသာချက်တစ်ခု ဖြစ်လာတယ်လို့ ယူဆလို့ရတာပေါ့။ ဒါပေမယ့် ထဲထဲဝင်ဝင် ရက္ခိုင့်တပ်တော်အနေနဲ့ ပါဝင်မလား မပါဝင်ဘူးလား၊ ပူးပေါင်းမလား မပူးပေါင်းဘူးလားဆိုတာကိုတော့ ကျနော်တို့ပြောလို့မရသေးဘူး” ဟု ဆိုသည်။

ထို့နောက် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက AA ထံ ကျေးဇူးတင် သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာထဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမျိုးသားတန်းတူညီမျှ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိ ရေးနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် အာဏာရှင်စနစ် ပြုတ်ကျရေး တော်လှန်ရေးခရီး တွင် ULA/AA နှင့် အတူလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း ဖော်ပြထားသည်။

 
ပုံ- AA ခေါင်းဆောင်များနှင့် လက်ဖက်နေသော ဒူဝါလရှီးလကို တွေ့ရစဉ်။
 
လက်ရှိ တပ်မ‌တော်နှင့် AA ကြားရှိနေသည့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး(informal ceasefire) မ‌တော်တဆ ပျက် သွားပါက နိုင်ငံရေးအရ ယခုကဲ့သို့ NUG နှင့် မိတ်ဝတ်မပျက် ရှိနေခြင်းသည် ကောင်းမွန်သည့်အတွက် ထိုသို့ ပေးပို့ခြင်း ဖြစ် နိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့အပြင် NUG၊ CRPH၊ NUCC စသည့် အစုအဖွဲ့များတွင် AA အနေဖြင့် ပါဝင်ထားခြင်း မရှိကြောင်း၊ PDF များ နေရာဒေသ အနှံ့အပြားတွင် ရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် မရှိကြောင်း၊ ထိုအခြေ အနေများကို ကြည့်ခြင်းအားဖြင့် လက်တွေ့မြေ ပြင်တွင် AA နှင့် NUG တို့ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေမှာ အလှမ်းဝေးနိုင်ကြောင်း ၎င်းက ဆိုသည်။

 
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူက တစ်ဖက် စစ်ကောင်စီဘက်ကို သွေးတိုးစမ်းတာလည်း ပါတာပေါ့။ လူမှုရေးအရ ဒီလိုသွားရင် စစ်ကောင်စီက ဘာပြန်ပြောမလဲပေါ့လေ။ စစ်ကောင်စီကလည်း တစ်ဖက်က informal ceasefire လုပ်ထားပေမယ့် တစ်ဖက် ကလည်း နယ်မြေကို အကုန်လုံး ရသွားမှာလည်း စိုးရိမ်ပြီးတော့ နယ်မြေစီမံအုပ်ချုပ်မှုမှာလည်း စစ်ကောင်စီဘက်က တစ် နည်း တစ်ဖုံနဲ့ ပြန်ကြိုးစားနေတာရှိနေတော့ အဲ့ဒီပေါ်မှာ conflict of interestပေါ့၊ ပြိုင်ဆိုင်မှုအကျိုးစီးပွား ကိုးလို့ကန့်လန့် ဖြစ်လာတာတွေ ဖြစ်နိုင်တဲ့အခါကျတော့ တစ်ဖက်ကိုတစ်ဖက် အကဲစမ်းတဲ့ဟာတွေဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။ အကဲ စမ်းတဲ့ နိုင်ငံရေး လုပ်ကွက်တွေလို့ ယူဆပါတယ်” ဟု CNI သို့ ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသများတွင် AA နှင့် တပ်မတော်ကြား ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလမှစတင်၍ လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်သွားခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

တပ်မတော်နှင့် AA ကြား တိုက်ပွဲများ မဖြစ်ပွားရေး နှုတ်အားဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း စာချုပ်စာတမ်း များဖြစ်သော ပဏာမ အပစ်အခတ်ရပ်စဲရေး (Bilateral) ထိုးနိုင်ရေးမှာ မလွယ်သေးကြောင်း AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က CNI သို့ ပြောထားသည်။