CNI International News
ဘာမာကို၊ ဒီဇင်ဘာ ၁၃
မာလီနိုင်ငံ၏ စစ်တပ်ချုပ်ကိုင်ထားသောအစိုးရအကြီးအကဲက လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးကောက် ပွဲအချိန်ဇယားကို ချပြသွားမည်ဟု အနောက်အာဖရိကဒေသတွင်းအဖွဲ့တစ်ဖွဲ့ကို ဒီဇင်ဘာ ၁၂ ရက်က ကတိပြု ခဲ့ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။
မာလီအသွင်ကူးပြောင်းရေးအစိုးရ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး အက်စီမီဂိုတာ (Assimi Goita) က “ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့မှာ မရှိမဖြစ်အရေးကြီးသဖြင့် ရွေးကောက် ပွဲကို ရွှေ့ဆိုင်းရခြင်းနှင့် အမျိုးသား အတိုင်ပင်ခံညှိနှိုင်းရေးကိစ္စရပ်တို့သည် တရားမျှတပါကြောင်း” ပြောကြားခဲ့သည်။
အက်စီမီဂိုတာက “မာလီနိုင်ငံအနေနဲ့ ECOWAS မစ်ရှင်အတွင်း ဆွေးနွေးနိုင်မယ့် နောက်ဆုံးအချိန်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်သတ်မှတ်ပြီး အသေးစိတ်အချိန်ဇယားတစ်ခု ချပြသွားဖို့ ကတိပြုပါတယ်” ဟု အနောက် အာဖရိ ကနိုင်ငံများဆိုင်ရာ စီးပွားရေးအသိုက်အဝန်း(ECOWAS) အကြီးအကဲဖြစ်သူ ဂါနာသမ္မတ နာနာအကူဖို (Nana Akufo) ထံသို့ ပေးပို့သော စာတစ်စောင်ထဲတွင် ဖော်ပြထားသည်။ အဆိုပါပေးစာကို အေအက်ဖ်ပီ သတင်းဌာနက စုံစမ်းရရှိခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမိန့်ကို ပြန်လည်ရယူခြင်းဟာ ကျနော့်ရဲ့ နံပါတ်တစ် ဦးစားပေးကိစ္စအဖြစ် ဆက်ရှိနေမှာပါ” ဟု ဂိုတာက ၎င်းပေးစာထဲတွင် ဆက်လက်ပြောကြားထားသည်။
မာလီနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လနှင့် ၂၀၂၁ ခုနှစ်၊ မေလတို့တွင် နှစ်ကြိမ်တိုင်တိုင် စစ်အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ECOWAS က မာလီကို ဆိုင်းငံ့ထားခဲ့ပြီး ရွေးကောက်ပွဲနှောင့်နှေးခြင်းနှင့် နောက်ထပ်အရေးယူ ခြိမ်းခြောက်ခြင်းများအတွက် တာဝန်ရှိသူဟု ယူဆရသော စစ်တပ်အရာရှိများကို ပိတ်ဆို့အရေးယူမှုများ ချမှတ် ခဲ့သည်။
မာလီစစ်အာဏာရှင်များအနေဖြင့် လာမည့် ဖေဖော်ဝါရီ ရွေးကောက်ပွဲအတွက် အစီအစဉ်များ လိုက်နာခြင်း မရှိပါက ECOWAS ခေါင်းဆောင်များက ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်မည်ဟု ဒီဇင်ဘာ ၁၂ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
“မိမိတို့အဖွဲ့တွင် ပါဝင်သည့် နိုင်ငံများ၏အကြီးအကဲများက မာလီရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထားကျင်းပပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း” အနောက်အာဖရိကနိုင်ငံများဆိုင်ရာ ECOWAS အဖွဲ့ ဥက္ကဋ္ဌ ဂျင်းကလပ်ဘရူ (Jean-Claude Brou) က နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဂိုတာသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် သမ္မတဟောင်း အီဘရာဟင်ဘောင်ဘာကာခီတာ (Ibrahim Boubacar Keita) ကို ဖြုတ်ချခဲ့သော စစ်အာဏာသိမ်းမှုအပြီးတွင် မာလီနိုင်ငံ၏ အင်အားအကောင်းဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သည်။
သို့သော် ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် ECOWAS နှင့် မာလီအာဏာပိုင်များ ဆွေးနွေးနေမှုများကို အရပ်ဘက်အဖွဲ့အစည်းအများအပြားက သပိတ်မှောက်ခဲ့ကြသည်။
ECOWAS ထိပ်သီးအစည်းအဝေးတွင် ကာကွယ်ဆေးထောက်ပံ့မှု၊ အာဖရိကနိုင်ငံများနှင့် ဂီနိနိုင်ငံများအပေါ် ချမှတ်ထားသည့် ခရီးသွားလာမှုတားမြစ်ချက်တို့ကို အဓိကထား ဆွေး နွေးခဲ့ကြသည်။ ဂီနိနိုင်ငံတွင်လည်း ယမန်နှစ် စက်တင်ဘာက သမ္မတဟောင်း အယ်လ်ဖာကွန်ဒေးကို ဖြုတ်ချ၍ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယခုအချိန်အထိ စစ်တပ်အုပ် ချုပ်မှုအောက်တွင် ရောက်ရှိနေဆဲဖြစ်သည်။
Source: Aljazeera