၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အချိုးကျကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ်(PR)ကို ကျင့်သုံးဖို့ မလို ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနကို ပြောသည်။

မိမိတို့ ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်များတွင် PR စနစ်ကျင့်သုံး၍ ရကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် PR စနစ်ကျင့်သုံးဖို့ မလိုကြောင်း ၎င်းက ပြောသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ PR မလိုဘူးဗျ။ FPTP(အနိုင်ရအကုန်ယူ) နဲ့ပဲရတာ။ ရှမ်းပြည်မှာ ၅၅ မြို့နယ် က ၁၅ မြို့နယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုး။ အဲဒီ ဒေသတွေမှာ PR လုပ်စရာမလိုဘူးလေဗျာ။ FPTP နဲ့ သွားလို့ရတယ်။ နောက် တိုင်းရင်းသားရေးရာဝန်ကြီးတွေအတွက်ဆိုရင်လည်း FPTP သွားရမယ်။ အဲဒီတော့ ကျန်တဲ့ဒေသတွေပဲ PR လုပ်လို့ရမယ်လေ။ PR လုပ်တာတောင်မှ ခရိုင်အလိုက်ပဲ လုပ်လို့ရမယ်။ ပြည်နယ် တစ်ခုလုံးအနေနဲ့ သွားလုပ်လို့မရဘူးလေ။ သူ့ခရိုင်အလိုက်၊ သူ့ခရိုင်အလိုက်ပဲ လုပ်လို့ရမယ်” ဟု စိုင်းအိုက်ပေါင်း က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးသင့်သည့် ပုံစံနှင့် မဲဆန္ဒနယ်ခွဲဝေသတ်မှတ်ခြင်းများကို နိုင်ငံရေးပါတီများအား စာတမ်းပြုစုထားရှိပြီး လာမည့်ဆွေးနွေးပွဲတွင် ဆွေးနွေးကြရန် အကြောင်းကြားထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ကိုယ် ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများကို FPTP နှင့် သွားမည်ဆိုသည့် ပုံစံမျိုးကို ရွေးချယ်ထားကြောင်း ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ အမျိုးသားလွှတ်တော်ရယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ တိုင်းဒေသကြီးနဲ့ ပြည်သူ့ လွှတ်တော်တွေမှာတော့ PR စနစ်ကို ကျင့်သုံးမယ်။ ကျန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ လူမျိုးစု တိုင်းရင်းသား ရွေးချယ်မှုကိုတော့ ကျနော်တို့ FPTP နဲ့ သွားမယ်ဆိုပြီး ဒီလို ဒီဇိုင်းမျိုး ရွေး ချယ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

 

လာမည့်ဆွေးနွေးပွဲတွင် PR နှင့် ပတ်သက်၍ ရွေးကောက်ပွဲပုံစံနှင့် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်ခြင်းများကို အုပ်စု (၆) ခုဖွဲ့ကာ စာတမ်းတင်သွင်းရမည်ဖြစ်သည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (LNDP) မှ ဥက္ကဋ္ဌ ဦးရွှေမင်းက “PR ကတော့ အမျိုးမျိုးရှိတာပေါ့ဗျာ။ နိုင်ငံတကာ သုံးတဲ့ PR တွေ အမျိုးမျိုးရှိတယ်။ ဒါပေမယ့်ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီမယ့်၊ လိုက်လျောညီထွေရှိမယ့် PR စနစ်တော့ ဖြစ်သင့်တာပေါ့ဗျာ။ အဲဒါလေးကို ကျ‌နော်တို့က စဉ်းစားဆွေးနွေးပြီးတော့ တင်ပြကြမယ်ဗျာ။ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ဝင်းကိုဆီ သူရှမ်းပြည်နယ်ကို အခြေခံပြီးတော့ သုတေသနပြုပြီး တင်ပြထားတာလေး ရှိတယ်။ အဲဒါကို ကျ‌နော်တို့ လေ့လာနေတယ်။ အဲဒီတုန်းက ကျနော်တို့ ပြောတာရှိပါတယ်။ အဓိက တိုင်းရင်းသား အခွင့်အရေးနဲ့ ကျ‌နော်တို့ လူနည်းစု တိုင်းရင်းသားအခွင့်အရေးများ မဆုံးရှုံးဘူးဆိုရင် ကျ‌နော်တို့က ကန့်ကွက်ရန် မရှိဘူးဆိုတဲ့ အကြောင်းပေါ့နော်” ဟု ပြောသည်။

နိုဝင်ဘာလအတွင်းက နိုင်ငံရေးပါတီများနှင့် UEC တို့မှ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး PR စနစ်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချို့ စာတမ်းတင်သွင်းမှုများလည်း ရှိခဲ့ကြောင်း ဆက်လက်ပြီး ဒီဇင်ဘာ ၂၄ မှ ၂၆ ရက်နေ့အထိ ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။