ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃
အမေရိကန်ပြည်တွင်းမီဒီယာ တစ်ခုဖြစ်သည့် MSNBC မှ အမျိုးသားရေး လေ့လာသုံးသပ်သူ ဂျွန်ဟိုင်လီမန်းက “လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို ရာထူးမှ ဖယ်ရှားရေးအတွက် အမေရိကန်နိုင်ငံသား သန်း ၂၀ မှ သန်း ၃၀ အထိ လက်နက်ကိုင် ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ” ဟု ဒီဇင်ဘာ ၁၂ ရက်တွင် သုံးသပ်ချက်ဖော်ပြခဲ့ကြောင်း ၎င်းမီဒီယာကို ကိုးကားလျက် rt.com က ရေးသားထားသည်။
MSNBC ရုပ်သံကွန်ရက်၏ တနင်္ဂနွေနေ့တိုင်း တင်ဆက်နေကျဖြစ်သည့် Sunday’s Meet the Press အစီအစဉ်တွင် ဦးဆောင် တင်ဆက်သူ ချော့တုဒ် (Chuck Todd) က “ဒေါ်နယ်ထရမ့်၏ အာဏာသိမ်းမှု တစ်စိတ်တစ်ပိုင်း စတင်နေပြီ” ဟု ရေးသားခဲ့ သော မကြာသေးမီက အတ္တလန္တိတ်မဂ္ဂဇင်း၏ဆောင်းပါးကို အဓိကဦးတည် ဆွေးနွေးခဲ့ရာ ယင်းဆွေနွေးချက်အပေါ် ဂျွန်ဟိုင်လီမန်းက အပြည့်အဝ သဘောတူ လက်ခံခဲ့သည်။
“အမေရိကန်နိုင်ငံသားထဲက ၈ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်ဟာ တရားမဝင်ကြောင်း ပြောကြတယ်။ အကြမ်းဖက်မှုဟာ သူ့ကို ဖယ်ရှားဖို့ သင့်တော်တဲ့ လက်နက်တစ်ခုလို့ ပြောတဲ့သူက ၁၂ ရာခိုင်နှုန်းအထိ ရှိတဲ့အကြောင်း ပြထားတဲ့ သုတေသန စစ်တမ်း တစ်စောင်ရှိတယ်ဗျ။ သူတို့က ဒေါ်နယ်ထရမ့်ကို ပြန်ထားချင်ကြတာ။ အဲဒီစစ်တမ်းထဲက ရာခိုင်နှုန်းတွေဟာ ပြည်သူ သန်း ၂၀ နဲ့ ၃၀ ကြားကို ကိုယ်စားပြုပါတယ်” ဟု ဟိုင်လီမန်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသား သန်း ၂၀ မှ သန်း ၃၀ အထိ လက်နက်ကိုင်ရန် အသင့်ဖြစ်နေကြောင်းလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်ထောက်ခံသူများသည် နိုင်ငံရေး အကြမ်းဖက်မှု လိုလားသည့် လူထုလှုပ်ရှားမှုကို ကိုယ်စားပြုကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ပုံ- MSNBC မှ အမျိုးသားရေး လေ့လာသုံးသပ်သူ ဂျွန်ဟိုင်လီမန်းကိုတွေ့ရစဉ်။
အတ္တလန္တိတ်မဂ္ဂဇင်းတွင် ဘာတွန်ဂဲမင်း (Barton Gellman) ဆိုသူ ရေးသားခဲ့သည့် ဆောင်းပါးတွင် “ထရမ့်၏ အာဏာသိမ်းမှု သည် အကြမ်းဖက်မှုထက် အဖျက်အမှောင့်ပြုခြင်းကို ပိုအားကိုးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် ကာပီတယ် အဆောက်အဦ (အမေရိကန်လွှတ်တော်) အဓိကရုဏ်းသည် သမ္မတဟောင်းထရမ့်၏ အလေ့အကျင့်ကို ပြသခဲ့ကြောင်း” ရေး သားထားသည်။
ထရမ့်နှင့် ၎င်းကို ထောက်ခံသူများ၏ နိုင်ငံရေးလှည့်စားမှုအပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမှန်အကန် ထောက်ခံသူ များကို မဲအဆုံးအဖြတ် မပေးနိုင်တော့သည့် ၂၀၂၄ သမ္မတရွေးကောက်ပွဲ ပေါ်ပေါက်လာနိုင်ကြောင်း ဘာတွန်ဂဲမင်းက ဆက် လက် ရေးသားခဲ့သည်။
ဂဲမင်း၏ နိုင်ငံရေး ဟောကိန်းသည် ဘက်လိုက်မှုရှိပြီး ပါတီစွဲ ကြီးမားသူများ၏ စိစစ်အကဲဖြတ်မှုနှင့်လည်း ရင်ဆိုင်ခဲ့ရပြီး ဖြစ် သည်။
ထိုမှတဖန် MSNBC မီဒီယာမှနေ၍ ဟိုင်လီမန်းက ဂဲမင်း၏ ဟောကိန်းကို အသားပေး ဆွေးနွေးခဲ့ရာ MSNBC အပေါ် ဝေဖန် မှုများ ကြုံခဲ့ရပြီး တာဝန်မဲ့စွာဖြင့် သတင်းမီဒီယာပညာ အသုံးချသည်ဟု စွပ်စွဲခဲ့ကြသည်။
“ပြီးခဲ့တဲ့နှစ်တွေတုန်းက သတင်းသမားတွေဟာ အကြောက်တရား တစ်ခုတည်းကို ထုတ်ရောင်းခဲ့တယ်” ဟု သတင်းထောက် တစ်ဦးဖြစ်သည့် ဒရူးဟိုဒင်က ၎င်း၏ တွစ်တာလူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“သတင်းတွေ အလွန်အကျွံဖြစ်လာတော့ အထိတ်တလန့်နဲ့ အာရုံဖမ်းစားဖို့ သက်သက်အတွက် ကျီးလန့်စာစား ရုပ်သံ အစီအစဉ် (Panic TV) ဖြစ်လာတယ်ပေါ့ဗျာ။ တာဝန်မဲ့လွန်းပါတယ်” ဟု စာရေးဆရာတစ်ဦးဖြစ်သည့် ဒန်နီရယ်ဒါလင် (Daniael Darling) က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: rt.com