CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၈
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေသော ငလျင်ဘေးကြောင့် တရားမျှတစွာ စဥ်းစားမည်ဆိုပါက နစက အနေဖြင့် ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ လွှတ် တော် အဆောက်အအုံများ အပါအဝင် အစိုးရဌာနများ၊ လမ်းတံတားများ ပြိုကျပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အတွင်းမှာလည်း လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသလို နေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် လမ်းတံတားများ ပြိုကျပျက်စီးလျက်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စစ်ဘေး ပြန်လည်ထူထောင် ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေသကဲ့သို့ စီးပွားရေး ကျဆင်းမှု ပြန်လည် ဦးမော့ရေး ကြိုးပမ်းရန်လည်းလိုအပ် နေခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်မှာ မလွယ်ကူတော့ကြောင်း ထောက်ပြကြသည်။
နစက အနေဖြင့် လုပ်ချင်သလို လုပ်မည်ဆိုလျှင် ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း၊ တရားမျှတမှုဖြင့် ကြည့်ပါက ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် လွှတ်တော်အဆောက်အအုံ ပျက်စီးသွားစဉ်
၎င်းက “တရားသဘောအရ စဥ်းစားရင်တော့ လုပ်နိုင်ဖို့ အကြောင်းမရှိဘူး၊ အဲဒီတော့ အခု ရွေးကောက်ပွဲ သူတို့ လုပ်မယ်ဆိုရင် လုပ်ချင်သလို လုပ်လို့ရတယ်၊ တကယ့်တကယ် တရားသဖြင့် တရားမျှတစွာ စဥ်းစားရင်တော့ မဖြစ်နိုင်ဘူး၊ အခုသူပြောတဲ့ထဲမှာ သူကတခြားနိုင်ငံတွေကိုလည်း ဖိတ်ပါ့မယ်ဆိုရင်တော့ မဖြစ်ဖို့များတယ် ထင်တယ်၊ တခြားနိုင်ငံတွေကလည်း သူနဲ့ဘယ်လောက် အဆင်ပြေပြေလေ၊ တရုတ်ပဲဖြစ်ဖြစ်၊ ရုရှားပဲဖြစ်ဖြစ် ဘယ်လောက် အဆင်ပြေပြေ မဟုတ်တရုတ်ကြီးကိုတော့ ဝင်ပြီးအာမခံပေးနိုင်မယ် မထင်ဘူး။ ဒါကြောင့်မို့လို့ မလုပ်ဖြစ်ဖို့ များပါတယ်၊ စစ်ကောင်စီကတော့ ကြာလေသူ အကျပ်အတည်းတွေ့လေ ဖြစ်မှာပဲလေ။ နေပြည်တော် က ပျက်စီးတဲ့ဟာလည်း မနည်းဘူးလေ၊ နေပြည်တော်မှာရှိတဲ့ ဝန်ထမ်း ဟိုနင်း(အဆောက်အဦ) တွေကလည်း မနည်းဘူး ပျက်စီးကုန်တာ၊ အဲဒီတော့ အစိုးရယန္တရားတစ်ခုလုံး ပတ်ချာလိုက် နေတာပဲလေ၊ အဲဒီတော့ လောလောဆယ်တော့ ဒီတစ်နှစ်လုံးကတော့ တော်တော်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမယ်ထင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပြန်လည်ထူထောင်ရေးနှင့် လမ်းတံတား၊ အဆောက်အဦများ ပြန်လည်တည်ဆောက်ရန် အချိန်ယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်လည်း ကြီးမားမည်ဖြစ်သောကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသည့် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ခက်ခဲကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
သို့သော် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးမှသာ ရွေးကောက်ပွဲအား ပြုလုပ်မည်ဆိုပါက တိုင်းပြည်တွင် နိုင်ငံရေးအရ အရွေ့၊ အကူးအပြောင်းများ လိုအပ်နေသည့် အချိန်ဖြစ်သောကြောင့် နစကအနေဖြင့် ရွေးကောက်ပွဲ လုပ်မည်/မလုပ်မည်ကို ခန့်မှန်း၍မရကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။
ငလျင်ဘေး ကူညီရေးအဖွဲ့တွေကို နစကဥက္ကဋ္ဌသွားတွေ့စဉ်
အရေးကြီးသည့် အဆောက်အဦ နေရာများအား စုပေါင်းပြီး ပြင်ဆင်သွားကြမည်ဆိုပါက ရွေးကောက်ပွဲ ဖြစ်နိုင် သည့် အတိုင်းအတာမျိုးရှိကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူပြောတဲ့အချိန်တော့ ဖြစ်အောင်တော့ လုပ်ပေးမှာပဲ၊ တစ်ကြိမ်ပြောတာလည်း မဟုတ်တော့ဘူးလေ၊ အခုကတော့ ၄ ရက်နေ့တုန်းကလည်း နီပေါနဲ့ တွေ့တဲ့အခါတုန်းကလည်း ပြောခဲ့တယ်လေ၊ ရွေးကောက်ပွဲကတော့ မဖြစ်မနေလုပ်မယ်ဆိုတဲ့ သဘောပေါ့နော် ဒါကယောင်္ကျားတစ်ယောက်ရဲ့ ကတိမဟုတ်ဘဲနဲ့ အစိုးရတစ်ရပ်ရဲ့ ကတိလို့ ပြောလို့ရတာပေါ့၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးတာ ပျက်စီးခြင်းက တစ်ကြောင်းပေါ့ဗျာ၊ ပထမဦး ဆုံးအကြိမ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းခေါ်တဲ့ လွှတ်တော်တောင်မှ ပုံစံအခင်းအကျင်းတွေကို ပြန်ကြည့်မယ် ဆိုရင်တော့ ဖြစ်သလိုခေါ်သွားမဲ့ အပိုင်းလေးတွေ ရှိတယ်ပေါ့နော်၊ အခုလည်း ဒီအဆောက်အဦတွေ ပြင်ကြမယ်၊ အရေးကြီးတဲ့နေရာ စုပေါင်းပြီး ပြင်ဆင်သွား ကြမယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့ အတိုင်းအတာမျိုး ရှိပါတယ်၊ ရွေးကောက်ပွဲတော့ ရွှေ့မယ်လို့တော့ ကျနော် မထင်ဘူးဗျ၊ ရွေးကောက်ပွဲ ရွှေ့လေလေ နိုင်ငံကြီးအတွက်ကတော့ ဘေးကျပ်နံကျပ် ကြုံလေလေ ဖြစ်နေမှာပဲ” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ရန် လျာထားပြီး ရွေးကောက်ပွဲ အထမြောက်သည့် အဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။