ဟိုနီအာရာ ဒီဇင်ဘာ ၆

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် မာနက်စက်ဆိုဂါဗားသည် ဒီဇင်ဘာ ၆ ရက် (ယနေ့)တွင် ၎င်းအပေါ် အယုံအကြည်မရှိသည့် မဲပေးမှုကိစ္စပေါ်ပေါက်ခဲ့သည့်အတွက် နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်လာကာ မြို့တော် ဟိုနီအာရာတွင် နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ လက်နက်ကိုင် တပ်ဖွဲ့ဝင် များ ကင်းလှည့်လျက် လုံခြုံရေးတင်းကျပ်စေခဲ့ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အတိုက်အခံများက ဝန်ကြီးချုပ် ဆိုဂါဗားကို အကျင့်ပျက်ခြစားမှုနှင့် တရုတ်ဘဏ္ဍာငွေများ သုံးစွဲခဲ့ကြောင်း စွပ်စွဲလျက် ဖြုတ်ချနိုင်ရန် လွှတ်တော်အတွင်း အဆိုတင်သွင်းနေကြစဉ် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရဲများက လွှတ်တော်အဆောက်အဦအနီးတဝိုက် စစ်ဆေးရေး လုပ်ဆောင်ခဲ့ကြပြီး ဟိုနီအာရာမြို့လယ်ရှိ လမ်းများကို ပိတ်ဆို့ထားခဲ့ကြသည်။

“ဒီလုပ်ရပ်တွေဟာ သူ့ရဲ့နိုင်ငံရေးကိုယ်ကျိုးစီးပွားအတွက် ကျနော်တို့ရဲ့အချုပ်အခြာအာဏာကို ရက်ရက်ရောရော အပေးအယူလုပ်တဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်” ဟု အတိုက်အခံခေါင်းဆောင် မက်သရူးဝေးလ်က လွှတ်တော် အမတ်များထံ အဆိုတင်သွင်းခဲ့ပြီးနောက် ယင်းအဆိုကို အခြေအတင်ဆွေးနွေးမှုများ စတင်နေချိန်၌ မြို့တော် တဝိုက် လုံခြုံရေးတင်းကြပ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က ဖြစ်ပွားခဲ့သော လူအသေအပျောက်ရှိသည့် အဓိကရုဏ်းများကို ရှောင်ရှားနိုင်ရန် အတွက် ဟိုနီအာရာမြို့တွင် ရဲတပ်ဖွဲ့က အရက်သေစာသောက်သုံးခြင်းကို တားမြစ်ထားသည်။ အဆိုပါ ၃ ရက်ကြာ အဓိကရုဏ်းများအတွင်းက လူစုလူဝေးများဖြင့် ဆိုဂါဗားကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။

ယခု လွှတ်တော်အတွင်း အယုံအကြည်မရှိကြောင်း မဲပေးမှုမတိုင်မီ ဒီဇင်ဘာ ၅ ရက်က လူအများအပြားသည် ပြည်နယ်များသို့ စင်းလုံးငှား ကူးတို့များဖြင့် မြို့တော်မှ ထွက်ခွာခဲ့ကြသဖြင့် နောက်ဆက်တွဲပြဿနာများ ဆက်ရှိ နိုင်မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာအကုန်ပိုင်းက ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း အနည်းဆုံး လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး တရုတ်တန်း(Chainatown) ခရိုင်အတွင်း မီးရှို့ဖျက်ဆီးမှုများရှိခဲ့ပြီးနောက် သင်္ဘော ကွန်တိန်နာ တင်ယာဉ်ကြီးများ မြို့တွင်းနေရာအချို့သို့ ဝင်ရောက်ခွင့်ကို တားဆီးခဲ့ကြသည်။

နောက်ထပ်အကြမ်းဖက်မှုများ ဖြစ်လာနိုင်သည့်အလားအလာကြောင့် ဟိုနီအာရာမြို့ရှိ အမေရိကန် ကောင်စစ် ဝန်ရုံးက အစိုးရဘက်မှစစ်ဆင်ရေးကန့်သတ်ရန် တွန်းအားပေးခဲ့ပြီး ဩစတြေးလျ၊ နယူးဇီလန်၊ ဖီဂျီနှင့် ပါပူဝါး နယူးဂီနိတို့မှ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို မြို့တော်၏လမ်းမများပေါ် ကင်းလှည့်စေခဲ့သည်။

ဆော်လမွန်ကျွန်းစုနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့နှင့် ကျွန်းအချင်းချင်း ပြိုင်ဆိုင်မှုများကြောင့် ဝန်ကြီး ချုပ်၏ မူဝါဒများအပေါ် မကျေနပ်မှု တိုးပွားလာခဲ့သည်။

အဆိုပါအဓိကရုဏ်းများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၇ သန်းရှိကြောင်း ဆော်လမွန် ကျွန်းစုများဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ မြို့တော်ရှိ အဆောက်အဦ ၆၃ လုံးမှာ မီးလောင်ခြင်းနှင့် လုယက်ခြင်း ခံရကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

လွှတ်တော်အတွင်း အတိုက်အခံဖြစ်သူ မက်သရူးဝေးလ်က အစိုးရအနေဖြင့် တရုတ်ရန်ပုံငွေများကို သုံး၍ နိုင်ငံခြားသားခရိုနီများကို နိုင်ငံ၏သဘာဝသယံဇာတပိုင်ဆိုင်မှုများကို ထုတ်ယူရန် ခွင့်ပြုထားကြောင်း စွပ်စွဲ ထားသည်။

Source: AFP, Bangkok Post