CNI International News

ခါတွမ်း၊ ဒီဇင်ဘာ ၆

ဆူဒန်နိုင်ငံအနောက်ပိုင်း၊ ဒါဖာဒေသတွင် ဒီဇင်ဘာ ၅ ရက်က အာရပ်များနှင့် အာရပ်မျိုးနွယ်မဟုတ်သူများအကြား ထိပ်တိုက်ရင်ဆိုင်၍ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့က ပြောကြားသည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အနောက်ဒါဖာပြည်နယ်ရှိ ရွှေ့ပြောင်းဒုက္ခသည်များရှိနေသည့် ခရိုင်းဒင်းစခန်းအတွင်း ဒီဇင်ဘာ ၄ ရက်က လူ နှစ်ဦးတို့ ငွေကြေးအငြင်းပွားမှုတစ်ရပ်မှ စတင်၍ တင်းမာလာခဲ့ကြောင်း ဒါဖာဒုက္ခသည်များနှင့် ရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာအထွေထွေညှိနှိုင်းရေး ပြောခွင့်ရသူ အဒမ်ရီဂယ်က ပြောသည်။

လူကြိုက်များသောကာကွယ်ရေးတပ်ဖွဲ့ (Popular Defence Forces) ဟုခေါ်သည့် အာရပ်တိုက်ခိုက်ရေးသမားများ က ဒီဇင်ဘာ ၅ ရက် အစောပိုင်းတွင် အဆိုပါဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းကာ နေအိမ်များ မီးရှို့ခြင်း၊ လု ယက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ဒဏ်ရာရသူ ၃၅ ဦးရှိကြောင်း အဒမ်ရီဂယ်က ဆက်ပြောသည်။

ယခုဖြစ်ရပ်သည် ပဋိပက္ခဖြစ်ပွားနေသော ဒါဖာဒေသကို လှုပ်ခတ်သွားစေသည့် လူမျိုးရေး အကြမ်းဖက်မှု၏ နောက်ဆုံးတိုက်ပွဲတစ်ခုဖြစ်သည်။

ဒီဇင်ဘာ ၅ ရက်တွင် တွစ်တာလူမှုကွန်ရက်သုံးစွဲသူများအကြားတွင် အာရပ်ဘာသာဖြင့် “ခရိုင်းဒင်းစခန်း သွေး ထွက်သံယို” ဖြစ်နေပြီဟူသော hashtag တစ်ခု လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး မီးလောင်ခံရသော လူနေအိမ်များနှင့် ရုပ်အလောင်းများပါဝင်သည့် ဗီဒီယိုဖိုင်ကိုတွေ့ရသည်။

အဆိုပါဒုက္ခသည်စခန်းသည် ဂီနီနာမြို့၏ အရှေ့ဘက် ၄ ကီလိုမီတာ (၂ဒသမ၅) မိုင်အကွာတွင် တည်ရှိပြီး ဒါဖာ ပဋိပက္ခအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် အာဖရိက မီစာလစ်မျိုးနွယ်စုမှ ရွှေ့ပြောင်းနေထိုင်သူများ၏ အိမ်များကို စခန်းအတွင်း တည်ဆောက်ထားကြသည်။

ခရိုင်းဒင်းစခန်းအကြမ်းဖက်မှုသည် မကြာသေးမီရက်သတ္တပတ်များအတွင်း အနောက်ဒါဖာဒေသကို နောက်ထပ် တုန်လှုပ်သွားစေခဲ့သည်။ ယခင်လကလည်း ဂျီဘယ်မွန်းဒေသတွင် အာရပ်များနှင့် အခြားမျိုးနွယ်စုများအကြား မြေယာကိစ္စအငြင်းပွားခဲ့ရာ လူ ၁၇ ဦးထက်မနည်းသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သေးသည်။

ထို့ပြင် တောင်ဒါဖာပြည်နယ်တွင်လည်း ပြီးခဲ့သည့်နှစ်လအတွင်း လူမျိုးရေးထိပ်တိုက်တွေ့မှုများကြောင်း တာဝီလာမြို့တွင် လူအနည်းဆုံး ၄၅ ဦးသေဆုံးခဲ့ကြောင်း ဆူဒန်ဆရာဝန်များကော်မတီက ပြောသည်။

ထိုကဲ့သို့ လူမျိုးရေးထိပ်တိုက်တွေ့မှုများသည် စစ်မက်ဖြစ်ပွားနေသော ဒါဖာနည်းတူ ဆူဒန်နိုင်ငံ၏ အခြား ဒေသများတွင်လည်း တွေ့နေရပြီး ဆယ်စုနှစ်များစွာ လက်နက်ကိုင်ထကြွမှုများ အဆုံးသတ်ရန် အသွင်ကူးပြောင်း ရေးအာဏာပိုင်များ၏ကြိုးပမ်းမှုများအတွက် သိသာထင်ရှားစွာ စိန်ခေါ်လာခဲ့သည်။ ဆူဒန်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလက သက်တမ်းကြာခေါင်းဆောင် အိုမာအယ်လ်ဘာရှားကို ရာထူးမှဖယ်ရှားခဲ့ပြီးနောက် ခိုင်မာသည့် ဒီမို ကရေစီအသွင်ကူးပြောင်းရေး၏ အလယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ခါတွမ်မြို့တော်တွင် အာရပ်လွှမ်းမိုးသော အစိုးရ၏ဖိနှိပ်မှုများကို မကျေမနပ်ဖြစ်၍ ၂၀၀၃ ခုနှစ်က ဒါဖာ ဒေသ အလယ်ပိုင်းနှင့် ဆာဟာရအောက်ပိုင်းရှိ အာဖရိကအသိုင်းအဝိုင်းမှ လက်နက်ကိုင်သူပုန်များ ထကြွလာခဲ့ခြင်းဖြင့် ဒါဖာပဋိပက္ခ စတင်ခဲ့သည်။

Source: Aljazeera