CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို  ထောင်ဒဏ်လေးနှစ်စီ ချလိုက်သည့်အမိန့်ကို ထက်ဝက်သာကျခံရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ည (ဒီဇင်ဘာ ၆) ရက်တွင် အမိန့်ထုတ်လိုက်သည်။

“တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့် အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေးစားလိုက်နာခံယူကြရမည် ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ဥက္ကဋ္ဌအနေဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားရုံးက ချမှတ်ခဲ့သည့် ထောင်ဒဏ် ၄ နှစ်စီအနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ထောင်ဒဏ် (၂) နှစ်ကို လွတ်ငြိမ်းသက်သာခွင့်ပြုသည်” ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

ထို့အတူ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ (၁)အရ ကျခံရန် ကျန်ရှိသည့် ထောင်ဒဏ် (၂)နှစ်အား လက်ရှိထိန်းသိမ်းထားသည့် နေရာ၌ပင် ကျခံစေရန် အမိန့်ထုတ်ပြန်၍ ပြစ်ဒဏ်မှ လျှော့ပေါ့လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်အထူးတရားရုံးက ယနေ့ နံနက်ပိုင်း (ဒီဇင်ဘာ ၆ ရက်)တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

အလားတူ ဦးဝင်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်အထူးတရားရုံးက ယနေ့နံနက်ပိုင်း (ဒီဇင်ဘာ ၆ ရက်)တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။