CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့တွင် နစကမှ ထုတ်ပြန်ကြေညာခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များ အနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၇/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ် ၃၈/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံ ရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များ အနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့်  ဒေါ်အောင်ဆန်းစုကြည်သည် တရားစွဲဆို အမိန့်ချထားသည့် အမှုပေါင်း ၁၉ မှုအနက် ၅ မှုသာ လွတ်ငြိမ်းသက်သာခွင့် ဖြစ်ခဲ့ကြောင်း၊ ဦးဝင်းမြင့်သည်လည်း တရားစွဲဆို အမိန့်ချထားသော အမှုပေါင်း ၅ မှုထဲမှ ၂ မှုသာ လွတ်ငြိမ်းသက်သာခွင့် ဖြစ်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ပြောသည်။