ဝါရှင်တန်၊ ဒီဇင်ဘာ ၇
အကယ်၍ ယူကရိန်းကို ရုရှားဝင်တိုက်လျှင် ပြင်းထန်သည့် စီးပွားရေးထိခိုက်မှုများ ရှိလာမည်ဖြစ်ပြီး ဂျိုးဘိုင်ဒန်နှင့် ဗလာဒီမာ ပူတင်တို့အကြား ဆွေးနွေးပွဲအကြို ကာလအတွက်လည်း ကြီးမားသည့် အကျိုးဆက်ရှိမည်ဟု အိမ်ဖြူတော်က ဒီဇင်ဘာ ၆ ရက်တွင် သတိပေးလိုက်ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဖော်ပြသည်။
ယူကရိန်းနယ်စပ်အနီးတွင် ရုရှားတပ်များကို ထောင်နှင့်ချီ၍ ချထားသောကြောင့် ဒီဇင်ဘာ ၇ ရက်နေ့ ဗီဒီယိုကွန်ဖရင့်၌ ရုရှား သမ္မတ ပူတင်နှင့် ဆွေးနွေးမှု အသေးစိတ်ကို ယူကရိန်းသမ္မတဇလန်စကီး အနေဖြင့် အချိန်နှင့်တပြေးညီ အသိပေး သွားမည် ဖြစ်ကြောင်း အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ပူတင်က ယူကရိန်းကို တိုက်ခိုက်ဖို့ သူ့စစ်တပ် စေခိုင်းထားလားဆိုတာကို အိမ်ဖြူတော်အနေဖြင့် မသိရှိကြောင်း၊ အမေရိကန် စစ်အင်အား တိုက်ရိုက်အသုံးပြုရန် ခြိမ်းခြောက်ခြင်းမပြုဘဲ နှုတ်ဆိတ်နေခဲ့ကြောင်း ၎င်းအရာရှိက ဆက်လက် ပြောကြားခဲ့ သည်။
သို့သော် ရုရှားအနေဖြင့် စစ်ရေးတင်းမာမှုဖြင့် ရှေ့ဆက်သွားရန် ရွေးချယ်လျှင် အမှန်တကယ် ကုန်ကျစရိတ်များကို ခံနိုင်ရည် ရှိရမည်ဖြစ်ကြောင်း ဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောကြားသွားရန် ရှိသည်ဟု အမည်မဖော်လိုသူ အဆိုပါ အမေရိကန် အရာရှိက ပြောသည်။
ပုံ-ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ်။ (AP)
အမေရိကန်နှင့် ဥရောပ မဟာမိတ်များသည် ယူကရိန်းကို ရုရှားတိုက်လျှင် ရုရှားစီးပွားရေးအပေါ် သိသာပြင်းထန်စွာဖြင့် ထိခိုက်စေမည့် ကြီးမားသော စီးပွားရေးဆိုင်ရာ တန်ပြန်အရေးယူရန် ပြင်ဆင်ထားကြောင်း ၎င်းအရာရှိက ဖြည့်စွက် ပြောကြားခဲ့သည်။
ထို့ပြင် ပူတင်အနေဖြင့် အပြောင်းအလဲတစ်ခု ပြုလုပ်မည်ဆိုပါက အရှေ့ဘက်ခြမ်း မဟာမိတ်များအနေဖြင့် တိုးမြှင့်တောင်းဆို မှု တစ်ခုနှင့် တပ်ဖွဲ့ဝင်များ၊ စွမ်းဆောင်ရည်များ၊ လေ့ကျင့်မှုများ ဖြည့်စွက်ပေးရေးအတွက် အမေရိကန်ထံမှ အပြုသဘော ဆောင်သည့် တုံ့ပြန်မှုတစ်ခု ရှိလာမည်ဖြစ်ကြောင်း ၎င်းအရာရှိက ထပ်လောင်း ပြောကြားခဲ့သည်။
နယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့ဝင် တစ်သိန်းခန့်ရှိသည်ဟု ယူကရိန်းက ခန့်မှန်းထားသည်။
မော်စကိုသည် ၎င်းဩဇာလွှမ်းမိုးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆထားသည့် ပင်လယ်နက်ဒေသတွင် စစ်ရေးလေ့ကျင့်မှုဖြင့် အနောက်အုပ်စု၏ ရန်စမှုများ၊ စွပ်စွဲပြောဆိုမှုများကို ငြင်းဆန်ထားသည်။
ယခင်ဆိုဗီယက်ပြည်ထောင်စုအပေါ် အံတုရန် ဖွဲ့စည်းခဲ့သော မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး)၏ အစိတ်အပိုင်း အဖြစ် ယူကရိန်းကို ဆွဲမသွင်းကြောင်း အနောက်အုပ်စုထံမှ ကတိတစ်ခုကိုလည်း ပူတင်က လိုလားနေသည်။
Source: AFP, Bangkok Post