၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းမှာ လူငယ်များက ဒီမိုကရေစီရရှိရေး ဆန္ဒပြစဉ် ဖြိုခွဲမှုရာတွင် လူသေ ဆုံးခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)မှ ထုတ်ပြန် ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ကားဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲဝင် လက်နက်များဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ UNA မှ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

UNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးကျော်က “ဒီဟာက တကယ်ကို လူသားမဆန်တဲ့ အပြုအမှုတွေပေါ့ဗျာ၊ ဘယ်မှာက ဒီလို အပြုအမှုကတော့ ကမ္ဘာကလည်း လက်ခံမှာ မဟုတ်ဘူး။ ကျ‌နော်တို့ နိုင်ငံလည်း လက်ခံမှာ မဟုတ်ဘူးပေါ့နော်။ အဲတော့ တော်တော်လေးကို ဒီအပြုအမှုက ဆိုးရွားလွန်းလို့ ကျနော်တို့ကတော့ ဒီအဖွဲ့အစည်းအနေနဲ့ ထုတ်ပြန်ခြင်း ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။

ယခုလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ “လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးပိုင်ခွင့်၊ စီတန်း လှည့်လည်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်”တို့နှင့် ဆန့်ကျင်လျက် ရှိသည့်အပြင် ၎င်းတို့ ကိုယ်တိုင် ကိုင်စွဲလျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ “မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်နှင့် လက်နက်မပါပဲ ငြိမ်းချမ်းစွာ၊ စီတန်းလှည့်လည်ခွင့်” ဟူသော အခွင့်အရေးကို ပြောင် ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံ-UNA ထုတ်ပြန်ချက်။

ဒီဇင်ဘာ ၅ ရက်နေ့က လူကြီးလမ်းကြောင်းရှိသည့်အတွက် လုံခြုံရေးပိုင်းတွင် ပေါ့လျော့၍ မဖြစ်ကြောင်း၊ ဆန္ဒပြ လူငယ်များ ကို မြန်မြန်နှင့် အချိန်တိုအတွင်း ဖြိုခွင်းလိုက်ခြင်းကြောင့် ကြမ်းတမ်းသည့်ဘက်ကို ရောက်သွားသည်ဟု မြင်မိကြောင်း သေနင်္ဂမဟာဗျူဟာမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

၎င်းက “နစကရဲ့ ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ရန်ကုန်ရောက်နေတဲ့ အချိန်မျိုးမှာ လုံခြုံရေး အရ အားလုံးက ပိုပြီးတော့ အရင်ကထက်စာရင် ပူပန်မှုကတော့ ပိုရှိမှာပဲ။ တစ်ခုခုဖြစ်မှာ ပိုကြောက်တော့ အဲတာဘက်ကို ပိုပြီး‌တော့ အကဲသာသွားတယ်လို့ သုံးသပ်တယ်။ တချို့ကတော့ တွက်တာပေါ့နော်။ ဒါမျိုးနောက် မလုပ်အောင်လို့ ဦးချိုး အောင် ချိုးလိုက်တယ်ဆိုတာမျိုး အဲတာကတော့ ဖြစ်နိုင်ချေရှိပေမယ့် အင်မတန်နည်းပါလိမ့်မယ်”ဟု ပြောသည်။

လက်ရှိ ဖြစ်စဉ်များမှာ ၎င်းတို့ လက်ကိုင်ထားသည့် ဖွဲ့စည်းပုံနှင့်လည်း ကိုက်ညီမှု မရှိသလို ယင်းအပြုအမှုများမှာ လူသား တစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုအနေနှင့် လက်ခံ၍ မ‌ရကြောင်း ဦးမျိုးကျော်က ပြောသည်။

ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ကြည့်မြင်တိုင်မြို့နယ်က ဆန္ဒပြသပိတ်ကို ဖြိုခွဲစဉ် ဒဏ်ရာရသွားသူများကိုတွေ့ရစဉ်။

ဦးမျိုးကျော်က “ကျနော်တို့ ဟိုဘက်ခေတ်ကလို မဟုတ်တော့ဘူးလေဗျာ။ အခုက အကုန်လုံးက ကမ္ဘာကြီးမှာ ဘာဖြစ်ဖြစ် မြင်နေရတဲ့ ခေတ်ကိုး။ ဒီတော့ ဒါက ဆင်ခြေဆင် လက် ပေးလို့လည်း မရဘူး။ ဒီတော့ ဒီဟာကို ကျနော်တို့က ဖြည့်ပြောချင် နေတာက ဒီလောက်နေပြီးတော့ ကျ‌နော်တို့ နိုင်ငံရဲ့ မြို့တော် ရန်ကုန်လို နေရာမျိုးတောင်မှ ဒီအနေ အထားမျိုး ဖြစ်တယ် ဆိုရင် မမြင်ကွယ်ရာမှာ ဖြစ်ခဲ့တဲ့ ကျူးလွန်ခဲ့တဲ့ ဟာတွေကိုလည်း ကျ‌နော်တို့က ထင်ဟတ်ပုံဖော်နိုင်လိမ့်မယ်လို့ ကျနော်က တော့ မြင်ပါတယ်”ဟု CNI သို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ကြည့်မြင်တိုင်မြို့နယ်တွင် လူငယ်များ ဆန္ဒပြစဉ် ဖြိုခွဲရာမှာ လူ ၅ ဉီးသေဆုံးပြီး ၈ ဉီးဒဏ်ရာ ရ၍ ၁၀ ဉီးဖမ်းဆီးခံရသည်ဟု မျက်မြင်များက ပြောကြသည်။ တစ်ဖက် နစက၏ ထုတ်ပြန်ချက်မှာတော့ ကျား ၈ ဉီး၊ မ ၃ ဉီး စုစုပေါင်း ၁၁ ဉီးအား ဖမ်းဆီးရမိခဲ့ပြီး ကျား ၂ ဉီး မစိုးရိမ်ရ ဒဏ်ရာများနှင့် မ ၁ ဉီး စိုးရိမ်ရ ဒဏ် ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။ လူသေဆုံးမှု ရှိ၊ မရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်ကို မတွေ့ရပေ။

UNA ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)၊ ရှမ်းနီ(တိုင်းလိုင်)သွေးစည်းညီညွတ်ရေးပါတီ(SSP)၊ ကရင်အမျိုးသားပါတီ(KNP)၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ(DNDP)၊ ခူမီး(ခမီး)အမျိုးသားပါတီ (KNP)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ(MNDP)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (KNDP)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့ဖြင့် ဖွဲ့စည်းထားသည်။