ဒီမာပူရ်၊ ဒီဇင်ဘာ ၆

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသ နာဂလန်းပြည်နယ်၊ မွန်းခရိုင်တွင် ဒီဇင်ဘာ ၄ ရက်၌ တီရူးကျောက်မီးသွေးတွင်းမှ အလုပ်လုပ် ပြီး အိုတင်းကျေးရွာသို့ ပြန်လာကြသော အရပ်သားလူငယ် ၆ ဦးကို အိန္ဒိယအထူးတပ်ဖွဲ့ (21 Para ကွန်မန်ဒို) က ပစ်သတ်ခဲ့ သည့်အတွက် ဒေသခံများက ဆန္ဒပြကြရာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရကြောင်း Nagalandpost.com က ရေးသား ဖော်ပြထား သည်။

အဆိုပါ အရပ်သား သေဆုံးမှု ဖြစ်စဉ်ဖြစ်ပွားပြီး နောက်ပိုင်း ဒေသခံများအကြား မကျေနပ်မှု တိုးလာ၍ ဆူပူအကြမ်းဖက်မှုများ ရှိလာခဲ့သည့်အတွက် အာဏာပိုင်များက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ညလမ်းမထွက်ရ အမိန့်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း Nagaland post.com က ရေးသားဖော်ပြသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နာဂအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) များက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး မွန်းခရိုင် အပါ အဝင် နာဂလန်းပြည်နယ်တစ်ခုလုံး ဂယက်ရိုက်ခတ်ခဲ့သည်။

ဒီဇင်ဘာ ၄ ရက်တွင် အဖြူရောင်ပစ်ကပ် ကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာနေသည့် အရပ်သားများကို အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်အချို့ က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့ရာ ယင်းဖြစ်စဉ်အပေါ် ဒေသခံများ ဒေါသထွက်ခဲ့ကြ သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကတော့ စစ်သွေးကြွများဟု သံသယရှိသူများ ထွက်ပြေးရန် ကြိုးပမ်းစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

သို့သော် ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် ပစ်ကပ်ကားများပေါ်တွင် သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းများမှလွဲ၍ လက်နက် များ မတွေ့ရှိရကြောင်း တရားဝင် သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။

ထိုသို့ သတ်ဖြတ်ခံရကြောင်း ကြားသိရသော ရွာသားများက ဒီဇင်ဘာ ၄ ရက်၊ ညပိုင်းက အမှတ် ၂၁ အထူးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး နောက်ဆက်တွဲ ပဋိပက္ခအဖြစ် ကားနှစ်စီး မီးရှို့ခံခဲ့ရသည်။

ပုံ-ဒေသခံများ ဆန္ဒပြနေကြစဉ်။(NSUN)

ယင်းနောက် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး ထပ်မံသေဆုံးခဲ့ရာ ၅ ဦးမှာ အိုတင်းကျေးရွာမှဖြစ်ပြီး အခြား ကျေးရွာမှ ၁ ဦး၊ နာဂလူမျိုးမဟုတ်သူ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၅ ရက်တွင် သေဆုံးသူများ၏ အလောင်းများပါရှိသော ခေါင်းတလားများကို ကွန်းယက် (Konyak) သမဂ္ဂ ရုံးခန်းတွင် ထားရှိပြီး မွန်းခရိုင်ဒေသခံလူထုက ဆူပူအုံကြွခဲ့ကြသည်။

ဆန္ဒပြသူများက အာသံရိုင်ဖယ် တပ်စခန်းကို တိုက်ခိုက်ခဲ့ကြသည်။ထို့နောက် ဆန္ဒပြသူများကို လူစုခွဲရန် တပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့ သည်။

မွန်းခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်က ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၅ ဦး အထိ တိုးလာခဲ့သည်။ ဆန္ဒပြသူများသည် အာသံရိုင်ဖယ်စခန်းရှိ တဲအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

တရားဝင်သတင်းရင်းမြစ်များ၏အဆိုအရ အာသံရိုင်ဖယ်တပ်ဖွဲ့များသည် ဒီဇင်ဘာ ၄ ရက်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ အဆိုပါ အာသံရိုင်ဖယ်တပ်စခန်း တိုက်ခိုက်မှု၌ ဒဏ်ရာရသူ ၁၁ ဦးရှိခဲ့သည်။

ပုံ-ဒေသခံများ ဆန္ဒပြနေကြစဉ်။(NSUN)

အထက်ပါ အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် ပြည်နယ်အစိုးရမှ လမ်းပန်းဆက်သွယ်ရေးနှင့်လေကြောင်းဝန်ကြီး၊ နာဂဒေသဆိုင်ရာ ကော်မရှင်နာမင်းကြီး DGP TJ လောင်းကူးမားနှင့် အခြားအဆင့်မြင့်အရာရှိများ အိုတင်းကျေးရွာသို့ ဒီဇင်ဘာ ၅ ရက်က ရောက်ရှိလာခဲ့သည်။

ပြည်နယ်အစိုးရ အတွင်းရေးမှူးချုပ် ဂျေအလမ်၏ပြောကြားချက်အရ ဒဏ်ရာရသူအားလုံးကို ဆေးကုသပေးနေပြီး ကွယ်လွန်သူများ၏ မိသားစုများအား အစိုးရထောက်ပံ့ငွေ ရူပီး ၅ သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေလီမြို့တော်သို့ ရောက်ရှိနေသော လက်ထောက်ပြည်နယ်ဝန်ကြီးချုပ် Y.Patton သည် ဒီဇင်ဘာ ၅ ရက်၌ပင် မွန်းခရိုင်သို့ အဆောတလျင် ပြန်လာခဲ့သည်။ ဒီဇင်ဘာ ၆ ရက် (ယနေ့)တွင် ပြည်နယ်ဝန်ကြီးချုပ် နီဖီယူရွိုင်ယို (Neiphiu Rio) သည် အစိုးရ တာဝန်ရှိသူများနှင့်အတူ မွန်းခရိုင်သို့ သွားရောက်မည်ဟု သိရသည်။

လတ်တလော အနေအထားတွင် မွန်းခရိုင်ရှိ ဈာပနာအစီအစဉ်များ ပြီးစီးမှသာ အခြား ဓလေ့ထုံးစံဆိုင်ရာ လှုပ်ရှားမှုအားလုံး ဒီဇင်ဘာ ၆ ရက်တွင် ဆိုင်းငံ့ထားပြီး နောက်တစ်ရက်တွင် ပြန်လည်စတင်ရန် နာဂလန်းပြည်နယ်အစိုးရက အမိန့်ထုတ်ထား သည်။

သို့သော် ကီစမာကျေးရွာတွင် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက လူစုလူဝေး အစီအစဉ်များကို အာဏာပိုင်များက ဆိုင်းငံ့ထား စေခဲ့သော်လည်း မွန်းခရိုင်အတွင်း ပစ်ခတ်သတ်ဖြတ်ခံရသူများကို အောက်မေ့ဆုတောင်းပွဲများ နေ့စဉ်ရှိနေပြီး နှစ်မိနစ် ငြိမ်သက်စွာ နေကြရန် အစီအစဉ်လည်း ထည့်သွင်းထားသည်။

အထူးတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှု ခံရခြင်းကြောင့် မွန်းခရိုင်အတွင်း တင်းမာမှု ကြီးထွားနေသဖြင့် ထိုဒေသတဝိုက်တွင် မိုဘိုင်းအင်တာနက်လိုင်းများ၊ ဒေတာဝန်ဆောင်မှုနှင့် SMS စာတိုပေးပို့သည့် ဝန်ဆောင်မှုများကို ယာယီဖြတ်တောက်ထားရန် ပြည်နယ်အစိုးရက ဒီဇင်ဘာ ၅ ရက်တွင် အမိန့်ထုတ်ခဲ့သည်။

Source: Nagaland Post